ေရသန္႔ဘူးမ်ားႏွင့္ က်န္းမာေရး

မတ္လကုန္ပုိင္းဆုိေတာ့ ေႏြရာသီေပါ့။ ေန႔လယ္ဘက္ျဖစ္ေတာ့ အပူခ်ိန္က အေတာ္ျပင္းသား။ ကြၽန္မတုိ႔ေဆး႐ုံရဲ႕ ျပင္ပလူနာ ၾကည့္တဲ့ဌာနမ်ားမွာ အေအးဗီ႐ုိေလး တစ္ခုကုိ ေဆး႐ုံအုပ္ႀကီးက လုပ္ထားေပးပါတယ္။

အဲဒီအေအးဗီ႐ုိေလးထဲမွာ ေရသန္႔ဘူးေတြ၊ အခ်ဳိရည္ဘူးေတြ ထည့္ထားပါတယ္။ လူနာေတြေရာ၊ ကြၽန္မတုိ႔ေဆး႐ုံဝန္ထမ္းေတြေရာ၊ ဧည့္သည္ေတြပါ ဒီအေအး ဗီ႐ုိေလးထဲက ေရဘူးေတြကို အခ်ိန္မေရြး ေသာက္လုိ႔ရတာေပါ့။ အင္မတန္ကုိေကာင္းပါတယ္။

ကြၽန္မလည္း အဲဒီေရသန္႔ဘူးေသာက္ရင္း စဥ္းစားမိပါတယ္။ သန္႔ရွင္းတဲ့ ေရရေအာင္ ေရကိုႀကိဳခ်က္၊ အေအးခံစရာမလုိဘဲ အဆင္သင့္ျဖစ္ေအာင္ ထည့္ထားေပးတဲ့၊ တုိးတက္လာတဲ့ နည္းပညာေတြကို ေတြးမိၿပီး ၾကည္ႏူးအားရမိပါတယ္။ ႐ုိး႐ုိးေရေသာက္ခ်င္ရင္ ႐ုိး႐ုိးေရ၊ အခ်ဳိရည္ေသာက္ခ်င္ရင္ အခ်ဳိရည္၊ လိေမၼာ္ရည္ ေသာက္ခ်င္ရင္ လိေမၼာ္ရည္၊ လုိက္ခ်ီးသီး အရသာေသာက္ခ်င္ရင္လည္း ရတယ္ေလ။ ဘယ္ေလာက္မ်ား လူ႔အလုိကုိ လုိုက္ႏုိင္သလဲလုိ႔။

ဒီေရအမ်ဳိးမ်ဳိးကုိ ပလတ္စတစ္ဘူးေလးေတြနဲ႔ ထည့္ထားေတာ့လည္း သယ္ယူရတာ ေပါ့ပါး လြယ္ကူတာေပါ့။ ေကာင္းလုိက္တဲ့ ပလတ္စတစ္ဘူးေလးေတြေပါ့။ အဲဒီပလတ္စတစ္ေရဘူးေသာက္ရင္း ေဆာင္းပါးတစ္ပုဒ္ကုိ ဖတ္မိလုိက္တဲ့အခါ ကြၽန္မထိတ္လန္႔သြားမိပါတယ္။

အဲဒီေဆာင္းပါး ကေတာ့ ကြၽန္မတုိ႔ ေသာက္ေနတဲ့ ပလတ္စတစ္ေရသန္႔ဘူး၊ အခ်ဳိရည္ဘူးမ်ားထဲတြင္ ပါေသာ ေရ၊ အခ်ဳိရည္မ်ားတြင္ ပလတ္စတစ္ အမႈန္ေလးမ်ား ေတြ႕ရွိရတယ္ဆုိတဲ့ အေၾကာင္းပဲျဖစ္ပါတယ္။ ေရသန္႔ဘူး၊ အခ်ဳိရည္ဘူးေပါင္း ၂၅ဝ ခန္႔ကို ႏုိင္ငံေပါင္း ကုိးႏုိင္ငံမွ ထုတ္လုပ္တဲ့ ကုမၸဏီအမ်ဳိးေပါင္း ၁၁ ခုကုိ ေလ့လာစမ္းသပ္ခဲ့ျခင္း ျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမိဳ႕မွာ စမ္းတာပါ။

ကြၽန္မတုိ႔ ေရသန္႔ဘူးကုိ ၾကည့္လုိက္ရင္ ေရက ၾကည္လင္ေနတာပဲ။ အိမ္မွာေရထပ္စစ္ၾကည့္ရင္လည္း ဘာအဖတ္မွ မရွိဘူးေလ။ သူတုိ႔ဘယ္လုိေတြ႕တာပါလိမ့္။ သူတုိ႔က ပလတ္စတစ္နဲ႔ ဓာတ္ျပဳႏုိင္တဲ့ ဓာတုပစၥည္း တစ္မ်ဳိးနဲ႔ စမ္းသပ္တာပါ။ သူတုိ႔ေလ့လာခဲ့တဲ့ ပလတ္စတစ္ေရဘူး၊ အခ်ဳိရည္ဘူးေပါင္း ၂၅ဝ အနက္ ၁၇ ဘူးမွာ ဘယ္လုိပလတ္စတစ္အမႈန္မွ မရွိပါဘူး။ ၇ ရာခုိင္ႏႈန္းက ရွင္းတယ္ေပါ့။ က်န္တဲ့ ၉၃ ရာခုိင္ႏႈန္းေသာ ပလတ္စတစ္ေရသန္႔ဘူး၊ အခ်ဳိရည္ဘူးမ်ားတြင္ ပလတ္စတစ္ အမႈန္ေလးမ်ား ပါတာေတြ႕ ရပါတယ္တဲ့။

အဲဒီပလတ္စတစ္ အမႈန္ေလးေတြကို အရြယ္ႀကီးနဲ႔အရြယ္ေသး ဆုိၿပီး ႏွစ္မ်ဳိးခြဲၾကည့္တယ္ေလ။ အရြယ္ႀကီးဆုိတာ ကြၽန္မတုိ႔ ဆံပင္ေလာက္ရွိတဲ့ အမႈန္အရြယ္အစား၊ အရြယ္ေသးဆုိတာက ဆံပင္အရြယ္ထက္ ေသးတဲ့အမႈန္ အရြယ္အစားေပါ့။ အဲဒီအမႈန္ အေရအတြက္ပါဝင္မႈကို ေရတစ္လီတာမွာ ပါတာနဲ႔ ေျပာတာေပါ့။ ပ်မ္းမွ်ယူနစ္ေပါ့။ သူတုိ႔စမ္းသပ္ၿပီး ထုတ္ျပန္ထားရာမွာေတာ့ ဆံျခည္မွ်င္အရြယ္ (အမႈန္အရြယ္ႀကီး) ပလတ္စတစ္အမႈန္မ်ားသည္ ေရတစ္လီတာတြင္ ၁ဝ ခု၊ ဆံျခည္မွ်င္ အရြယ္ထက္ေသးေသာ (အမႈန္အရြယ္ေသး)ပလတ္စတစ္အမႈန္မ်ားသည္ ေရတစ္လီတာတြင္ ၃၁၄ ခုအထိ ပါဝင္ေၾကာင္း ေတြ႕ရတယ္လုိ႔ဆုိပါတယ္။

ဒီလုိဆုိရင္ ကြၽန္မတစ္ေန႔လွ်င္ ပ်မ္းမွ် ေရသန္႔ဘူးပါ ေသာက္ေရ ႏွစ္လီတာေသာက္တယ္ ဆုိပါစုိ႔။ အကယ္၍မ်ား ကြၽန္မေသာက္တဲ့ ေရသန္႔ဘူးမွာ ဆံျခည္မွ်င္အရြယ္ အမႈန္သူတို႔ ေျပာသေလာက္ ပါတယ္ ဆုိရင္ ေန႔စဥ္ပလတ္စတစ္ အမႈန္အေသး အခု ၂ဝ ကြၽန္မမ်ဳိခ်ေနတာေပါ့။

ဒါဆုိရင္ တစ္လအမႈန္ ၆ဝဝ၊ တစ္ႏွစ္ဆုိရင္ အမႈန္ ၇၂ဝဝ၊ ၁ဝ ႏွစ္ဆုိရင္ အမႈန္ ၇၂ဝဝဝ ကြၽန္မဗုိက္ထဲ ေရာက္ကုန္မွာေပါ့။ အဲဒီပလတ္စတစ္ အမႈန္ေတြ မစင္စြန္႔တဲ့အထဲ ပါသြားမွာလား။ ဒါမွမဟုတ္ ကြၽန္မအူနံရံမွာရွိတဲ့ အူနံရံေစာင့္တဲ့ စစ္တပ္ကပဲ ထိန္းသိမ္းထားၿပီး အူနံရံမွာပဲ အခ်ဳပ္ခ်ထားမွာလား။ ဒါမွမဟုတ္ အဲဒီပလတ္စတစ္ အမႈန္ေလးေတြကုိ ေသြးျပန္ရည္အဖြဲ႕က ထိန္းသိမ္းထားၿပီး ျပန္ရည္အက်ိတ္ထဲမွာပဲ အက်ဥ္းခ်ထားမွာလား။ ဒါမွမဟုတ္ ဒီပလတ္စတစ္ အမႊားေလးေတြ ကြၽန္မအသည္းထဲမွာပဲ ဖမ္းဆီးထားမွာလား။ ဒီပလတ္စတစ္အမႈန္အမႊားေတြက ကင္ဆာေရာဂါျဖစ္ေအာင္ ဆြေပးမွာလား။ ဘယ္သူမွ ဘာမွမေျပာႏုိင္ပါ။

စမ္းသပ္ေတြ႕ရွိထားတာလည္း မရွိပါ။ ဒီလုိမ်ဳိး ပလတ္စတစ္အမႈန္ေလး၊ အမႈန္ႀကီးပမာဏ ဘယ္ေလာက္ျဖစ္ပြားရင္ အႏၲရာယ္ ေပးႏုိင္သလဲဆုိတာလည္း ေသခ်ာမသိပါ။ က်ိန္းေသတာကေတာ့ ေကာင္းက်ဳိးေတာ့မေပးႏုိင္ပါ။ စာရင္းဇယားမ်ားအရ တစ္မိနစ္မွာ ပလတ္စတစ္ေရသန္႔ဘူး၊ အခ်ဳိရည္ဘူး တစ္သန္းခန္႔ ဝယ္ယူသုံးစြဲေနပါတယ္။ တစ္စကၠန္႔လွ်င္ ႏွစ္ေသာင္းခန္႔ ေရ၊ အခ်ဳိရည္ေသာက္သုံးေနပါတယ္။

ဒီလုိဆုိရင္ ကမၻာေပၚမွာရွိတဲ့ လူေတြရဲ႕ကိုယ္ထဲမွာရွိႏုိင္မယ့္ ပလတ္စတစ္ အမႈန္ေတြကုိ မွန္းဆၾကည့္လိုက္ပါ။ ေၾကာက္စရာေကာင္းတာေပါ့။ ဒါဆုိရင္ ပလတ္စတစ္ ဘူးေလးေတြနဲ႔ ေရ၊ အခ်ဳိရည္ မထည့္ေတာ့ဘူးလား။ သတၱဳေတြကုိပဲ သုံးမွာေလ။ ဖန္ဘူးေတြနဲ႔ ထည့္ရင္ေရာ အႏၲရာယ္ကင္းလား။ ဟုိတေလာကပဲ ဖန္ဘူး၊ ဖန္ခြက္ေတြနံရံမွာ ခဲဓာတ္ပါတယ္ဆုိ။ ဒန္ေရဘူး၊ ဒန္ခ်ဳိင့္ေတြ ျပန္သုံးရမွာလား။ အိမ္မွာေတာ့ သဲေရအုိးေလးနဲ႔ ရေသးတယ္။ အျပင္မွာဆုိ ဘယ္ရမလဲ။ လက္ေတြ႕လည္း က်ရမယ္ေလ။

ဘယ္လုိပဲေျပာေျပာ ကြၽန္မတုိ႔ေရသန္႔ဘူး၊အခ်ဳိရည္ဘူး ထုတ္လုပ္တဲ့ေနရာမွာ ပလတ္စတစ္အမႈန္႔ ပါဝင္မႈအနည္းဆုံး ျဖစ္ေစမယ့္ နည္းလမ္းရွာႀကံရမွာေပါ့။ ကြၽန္မတုိ႔ ကုိယ္ထဲေရာက္ၿပီးသား ပလတ္စတစ္ေတြ ဘာေတြဆက္ျဖစ္ႏုိင္မလဲ ဆုိတာလည္း ေလ့လာၾကရမွာေပါ့။ ပလတ္စတစ္ဘူးေလးေတြနဲ႔ ပတ္သက္ၿပီး ထုတ္လုပ္သူေရာ၊ သုံးစြဲသူေရာ၊ က်န္းမာေရး အသိအျမင္ရဖုိ႔ ဒီေဆာင္းပါးကို ေရးလုိက္ျခင္းျဖစ္ပါတယ္။ ပလတ္စတစ္ အမႈန္ကင္းစင္ေသာ အခ်ဳိရည္ဘူး၊ ေရသန္႔ဘူးမ်ားကိုသာ ေသာက္သုံးၾကပါစုိ႔။ ။

ပါေမာကၡ ေဒါက္တာ ခင္ျဖဴျပာ

(Unicode Version)

ရေသန့်ဘူးများနှင့် ကျန်းမာရေး

မတ်လကုန်ပိုင်းဆိုတော့ နွေရာသီပေါ့။ နေ့လယ်ဘက်ဖြစ်တော့ အပူချိန်က အတော်ပြင်းသား။ ကျွန်မတို့ဆေးရုံရဲ့ ပြင်ပလူနာ ကြည့်တဲ့ဌာနများမှာ အအေးဗီရိုလေး တစ်ခုကို ဆေးရုံအုပ်ကြီးက လုပ်ထားပေးပါတယ်။

အဲဒီအအေးဗီရိုလေးထဲမှာ ရေသန့်ဘူးတွေ၊ အချိုရည်ဘူးတွေ ထည့်ထားပါတယ်။ လူနာတွေရော၊ ကျွန်မတို့ဆေးရုံဝန်ထမ်းတွေရော၊ ဧည့်သည်တွေပါ ဒီအအေး ဗီရိုလေးထဲက ရေဘူးတွေကို အချိန်မရွေး သောက်လို့ရတာပေါ့။ အင်မတန်ကိုကောင်းပါတယ်။

ကျွန်မလည်း အဲဒီရေသန့်ဘူးသောက်ရင်း စဉ်းစားမိပါတယ်။ သန့်ရှင်းတဲ့ ရေရအောင် ရေကိုကြိုချက်၊ အအေးခံစရာမလိုဘဲ အဆင်သင့်ဖြစ်အောင် ထည့်ထားပေးတဲ့၊ တိုးတက်လာတဲ့ နည်းပညာတွေကို တွေးမိပြီး ကြည်နူးအားရမိပါတယ်။ ရိုးရိုးရေသောက်ချင်ရင် ရိုးရိုးရေ၊ အချိုရည်သောက်ချင်ရင် အချိုရည်၊ လိမ္မော်ရည် သောက်ချင်ရင် လိမ္မော်ရည်၊ လိုက်ချီးသီး အရသာသောက်ချင်ရင်လည်း ရတယ်လေ။ ဘယ်လောက်များ လူ့အလိုကို လိုုက်နိုင်သလဲလို့။

ဒီရေအမျိုးမျိုးကို ပလတ်စတစ်ဘူးလေးတွေနဲ့ ထည့်ထားတော့လည်း သယ်ယူရတာ ပေါ့ပါး လွယ်ကူတာပေါ့။ ကောင်းလိုက်တဲ့ ပလတ်စတစ်ဘူးလေးတွေပေါ့။ အဲဒီပလတ်စတစ်ရေဘူးသောက်ရင်း ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိလိုက်တဲ့အခါ ကျွန်မထိတ်လန့်သွားမိပါတယ်။

အဲဒီဆောင်းပါး ကတော့ ကျွန်မတို့ သောက်နေတဲ့ ပလတ်စတစ်ရေသန့်ဘူး၊ အချိုရည်ဘူးများထဲတွင် ပါသော ရေ၊ အချိုရည်များတွင် ပလတ်စတစ် အမှုန်လေးများ တွေ့ရှိရတယ်ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ရေသန့်ဘူး၊ အချိုရည်ဘူးပေါင်း ၂၅ဝ ခန့်ကို နိုင်ငံပေါင်း ကိုးနိုင်ငံမှ ထုတ်လုပ်တဲ့ ကုမ္ပဏီအမျိုးပေါင်း ၁၁ ခုကို လေ့လာစမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ စမ်းတာပါ။

ကျွန်မတို့ ရေသန့်ဘူးကို ကြည့်လိုက်ရင် ရေက ကြည်လင်နေတာပဲ။ အိမ်မှာရေထပ်စစ်ကြည့်ရင်လည်း ဘာအဖတ်မှ မရှိဘူးလေ။ သူတို့ဘယ်လိုတွေ့တာပါလိမ့်။ သူတို့က ပလတ်စတစ်နဲ့ ဓာတ်ပြုနိုင်တဲ့ ဓာတုပစ္စည်း တစ်မျိုးနဲ့ စမ်းသပ်တာပါ။ သူတို့လေ့လာခဲ့တဲ့ ပလတ်စတစ်ရေဘူး၊ အချိုရည်ဘူးပေါင်း ၂၅ဝ အနက် ၁၇ ဘူးမှာ ဘယ်လိုပလတ်စတစ်အမှုန်မှ မရှိပါဘူး။ ၇ ရာခိုင်နှုန်းက ရှင်းတယ်ပေါ့။ ကျန်တဲ့ ၉၃ ရာခိုင်နှုန်းသော ပလတ်စတစ်ရေသန့်ဘူး၊ အချိုရည်ဘူးများတွင် ပလတ်စတစ် အမှုန်လေးများ ပါတာတွေ့ ရပါတယ်တဲ့။

အဲဒီပလတ်စတစ် အမှုန်လေးတွေကို အရွယ်ကြီးနဲ့အရွယ်သေး ဆိုပြီး နှစ်မျိုးခွဲကြည့်တယ်လေ။ အရွယ်ကြီးဆိုတာ ကျွန်မတို့ ဆံပင်လောက်ရှိတဲ့ အမှုန်အရွယ်အစား၊ အရွယ်သေးဆိုတာက ဆံပင်အရွယ်ထက် သေးတဲ့အမှုန် အရွယ်အစားပေါ့။ အဲဒီအမှုန် အရေအတွက်ပါဝင်မှုကို ရေတစ်လီတာမှာ ပါတာနဲ့ ပြောတာပေါ့။ ပျမ်းမျှယူနစ်ပေါ့။ သူတို့စမ်းသပ်ပြီး ထုတ်ပြန်ထားရာမှာတော့ ဆံခြည်မျှင်အရွယ် (အမှုန်အရွယ်ကြီး) ပလတ်စတစ်အမှုန်များသည် ရေတစ်လီတာတွင် ၁ဝ ခု၊ ဆံခြည်မျှင် အရွယ်ထက်သေးသော (အမှုန်အရွယ်သေး)ပလတ်စတစ်အမှုန်များသည် ရေတစ်လီတာတွင် ၃၁၄ ခုအထိ ပါဝင်ကြောင်း တွေ့ရတယ်လို့ဆိုပါတယ်။

ဒီလိုဆိုရင် ကျွန်မတစ်နေ့လျှင် ပျမ်းမျှ ရေသန့်ဘူးပါ သောက်ရေ နှစ်လီတာသောက်တယ် ဆိုပါစို့။ အကယ်၍များ ကျွန်မသောက်တဲ့ ရေသန့်ဘူးမှာ ဆံခြည်မျှင်အရွယ် အမှုန်သူတို့ ပြောသလောက် ပါတယ် ဆိုရင် နေ့စဉ်ပလတ်စတစ် အမှုန်အသေး အခု ၂ဝ ကျွန်မမျိုချနေတာပေါ့။

ဒါဆိုရင် တစ်လအမှုန် ၆ဝဝ၊ တစ်နှစ်ဆိုရင် အမှုန် ၇၂ဝဝ၊ ၁ဝ နှစ်ဆိုရင် အမှုန် ၇၂ဝဝဝ ကျွန်မဗိုက်ထဲ ရောက်ကုန်မှာပေါ့။ အဲဒီပလတ်စတစ် အမှုန်တွေ မစင်စွန့်တဲ့အထဲ ပါသွားမှာလား။ ဒါမှမဟုတ် ကျွန်မအူနံရံမှာရှိတဲ့ အူနံရံစောင့်တဲ့ စစ်တပ်ကပဲ ထိန်းသိမ်းထားပြီး အူနံရံမှာပဲ အချုပ်ချထားမှာလား။ ဒါမှမဟုတ် အဲဒီပလတ်စတစ် အမှုန်လေးတွေကို သွေးပြန်ရည်အဖွဲ့က ထိန်းသိမ်းထားပြီး ပြန်ရည်အကျိတ်ထဲမှာပဲ အကျဉ်းချထားမှာလား။ ဒါမှမဟုတ် ဒီပလတ်စတစ် အမွှားလေးတွေ ကျွန်မအသည်းထဲမှာပဲ ဖမ်းဆီးထားမှာလား။ ဒီပလတ်စတစ်အမှုန်အမွှားတွေက ကင်ဆာရောဂါဖြစ်အောင် ဆွပေးမှာလား။ ဘယ်သူမှ ဘာမှမပြောနိုင်ပါ။

စမ်းသပ်တွေ့ရှိထားတာလည်း မရှိပါ။ ဒီလိုမျိုး ပလတ်စတစ်အမှုန်လေး၊ အမှုန်ကြီးပမာဏ ဘယ်လောက်ဖြစ်ပွားရင် အန္တရာယ် ပေးနိုင်သလဲဆိုတာလည်း သေချာမသိပါ။ ကျိန်းသေတာကတော့ ကောင်းကျိုးတော့မပေးနိုင်ပါ။ စာရင်းဇယားများအရ တစ်မိနစ်မှာ ပလတ်စတစ်ရေသန့်ဘူး၊ အချိုရည်ဘူး တစ်သန်းခန့် ဝယ်ယူသုံးစွဲနေပါတယ်။ တစ်စက္ကန့်လျှင် နှစ်သောင်းခန့် ရေ၊ အချိုရည်သောက်သုံးနေပါတယ်။

ဒီလိုဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူတွေရဲ့ကိုယ်ထဲမှာရှိနိုင်မယ့် ပလတ်စတစ် အမှုန်တွေကို မှန်းဆကြည့်လိုက်ပါ။ ကြောက်စရာကောင်းတာပေါ့။ ဒါဆိုရင် ပလတ်စတစ် ဘူးလေးတွေနဲ့ ရေ၊ အချိုရည် မထည့်တော့ဘူးလား။ သတ္တုတွေကိုပဲ သုံးမှာလေ။ ဖန်ဘူးတွေနဲ့ ထည့်ရင်ရော အန္တရာယ်ကင်းလား။ ဟိုတလောကပဲ ဖန်ဘူး၊ ဖန်ခွက်တွေနံရံမှာ ခဲဓာတ်ပါတယ်ဆို။ ဒန်ရေဘူး၊ ဒန်ချိုင့်တွေ ပြန်သုံးရမှာလား။ အိမ်မှာတော့ သဲရေအိုးလေးနဲ့ ရသေးတယ်။ အပြင်မှာဆို ဘယ်ရမလဲ။ လက်တွေ့လည်း ကျရမယ်လေ။

ဘယ်လိုပဲပြောပြော ကျွန်မတို့ရေသန့်ဘူး၊အချိုရည်ဘူး ထုတ်လုပ်တဲ့နေရာမှာ ပလတ်စတစ်အမှုန့် ပါဝင်မှုအနည်းဆုံး ဖြစ်စေမယ့် နည်းလမ်းရှာကြံရမှာပေါ့။ ကျွန်မတို့ ကိုယ်ထဲရောက်ပြီးသား ပလတ်စတစ်တွေ ဘာတွေဆက်ဖြစ်နိုင်မလဲ ဆိုတာလည်း လေ့လာကြရမှာပေါ့။ ပလတ်စတစ်ဘူးလေးတွေနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူရော၊ သုံးစွဲသူရော၊ ကျန်းမာရေး အသိအမြင်ရဖို့ ဒီဆောင်းပါးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ ပလတ်စတစ် အမှုန်ကင်းစင်သော အချိုရည်ဘူး၊ ရေသန့်ဘူးများကိုသာ သောက်သုံးကြပါစို့။ ။

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္