သိန္းနီၿမိဳ႕နယ္ ေရပူ ေက်းရြာအနီး မုိင္းေပါက္ကြဲမႈကို ႐ွင္းလင္းရန္လာသည့္ တပ္မေတာ္အား လက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕ ေခ်ာင္းေျမာင္းပစ္ခတ္

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီး နံေဘးတြင္ ဇူလိုင္လ (၈) ရက္ေန႔ ညပိုင္းက မိုင္းေပါက္ကြဲမႈတစ္ခုျဖစ္ပြားသျဖင့္ ရွင္းလင္းရွာေဖြရန္ေရာက္ရွိလာသည့္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္တပ္ဖြဲ႔တစ္ခုတို႔ ထိေတြ႔ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ည (၁၁) နာရီ (၄၅)မိနစ္ေလာက္မွာ ေပါက္ကြဲမႈအရင္ျဖစ္တယ္။ မိုင္တိုင္ ၁၉၇/၁ နဲ႔ ၁၉၇/၂ ၾကားထဲ။ လမ္းမႀကီးနဲ႔ ေပ (၂၀) ေလာက္အကြာမွာ ျဖစ္တာ။ ေပါက္ကြဲမႈေၾကာင့္ ေဘးပတ္ဝန္းက်င္က အေဆာက္အဦးတစ္ခ်ိဳ႕ပဲ ထိခိုက္မိတာရွိတယ္။ ဒဏ္ရာရထိခိုက္တာမရွိဘူး က်ည္ဆံေတြ ဘာေတြက အိမ္ေတြကို ထိမွန္တာေတာ့ရွိတယ္ ” ဟု သိန္းနီၿမိဳ႕မရဲတပ္ဖြဲ႔ စခန္းမွဴး ဒုတိယရဲမွဴးဝင္းတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္နက္ကိုင္အဖြဲ႕အစည္း၏ အမည္ကို အတည္မျပဳႏုိင္ေသးေၾကာင္း သိရသည္။

ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ရွင္းလင္းရန္ေရာက္ရွိလာသည့္ တပ္မေတာ္အား ေခ်ာင္းေျမာင္း ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး ပစ္ခတ္မႈမ်ားေၾကာင့္ တပ္မေတာ္ေမာ္ေတာ္ယာဥ္အခ်ိဳ႕ႏွင့္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ရပ္တန္႔ထားသည့္ကုန္တင္ယာဥ္အခ်ိဳ႕ က်ည္ဆံထိမွန္သြားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔က သြားၿပီးၾကည့္ရႈလို႔မရဘူးေလ။ စံုစမ္းသိရွိရသေလာက္ကေတာ့ ပစ္ခတ္မႈေတြေၾကာင့္ ေဒသခံထိခိုက္တာမရွိဘူးလို႔ၾကားတယ္။ ဆက္ၿပီးေတာ့စံုစမ္းေနတယ္ ” ဟု သိန္းနီၿမိဳ႕မွ ေဒသခံတစ္ဦးက ေျပာသည္။

အဆိုပါထိေတြ႔ပစ္ခတ္မႈမ်ားမွာ ဇူလိုင္လ (၉) ရက္ နံနက္(၁) နာရီဝန္းက်င္အထိ ျဖစ္ပြားခဲ့ျခင္းျဖစ္ေသာ္လည္း လက္ရွိတြင္ လားရႈိး-မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚ၌ ပံုမွန္အတုိင္းသြားလာမႈမ်ားရိွေနေၾကာင္း သိရသည္။

သတင္း – ေနၿဖိဳးျမင့္ / ဓါတ္ပံု – ကိုေန

Source : Tachileik News Agency

(Unicode Version)

သိန်းနီမြို့နယ် ရေပူ ကျေးရွာအနီး မိုင်းပေါက်ကွဲမှုကို ရှင်းလင်းရန်လာသည့် တပ်မတော်အား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ချောင်းမြောင်းပစ်ခတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး နံဘေးတွင် ဇူလိုင်လ (၈) ရက်နေ့ ညပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားသဖြင့် ရှင်းလင်းရှာဖွေရန်ရောက်ရှိလာသည့် တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတို့ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ည (၁၁) နာရီ (၄၅)မိနစ်လောက်မှာ ပေါက်ကွဲမှုအရင်ဖြစ်တယ်။ မိုင်တိုင် ၁၉၇/၁ နဲ့ ၁၉၇/၂ ကြားထဲ။ လမ်းမကြီးနဲ့ ပေ (၂၀) လောက်အကွာမှာ ဖြစ်တာ။ ပေါက်ကွဲမှုကြောင့် ဘေးပတ်ဝန်းကျင်က အဆောက်အဦးတစ်ချို့ပဲ ထိခိုက်မိတာရှိတယ်။ ဒဏ်ရာရထိခိုက်တာမရှိဘူး ကျည်ဆံတွေ ဘာတွေက အိမ်တွေကို ထိမှန်တာတော့ရှိတယ် ” ဟု သိန်းနီမြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုတိယရဲမှူးဝင်းတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်း၏ အမည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရှင်းလင်းရန်ရောက်ရှိလာသည့် တပ်မတော်အား ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ပစ်ခတ်မှုများကြောင့် တပ်မတော်မော်တော်ယာဉ်အချို့နှင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရပ်တန့်ထားသည့်ကုန်တင်ယာဉ်အချို့ ကျည်ဆံထိမှန်သွားကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့က သွားပြီးကြည့်ရှုလို့မရဘူးလေ။ စုံစမ်းသိရှိရသလောက်ကတော့ ပစ်ခတ်မှုတွေကြောင့် ဒေသခံထိခိုက်တာမရှိဘူးလို့ကြားတယ်။ ဆက်ပြီးတော့စုံစမ်းနေတယ် ” ဟု သိန်းနီမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါထိတွေ့ပစ်ခတ်မှုများမှာ ဇူလိုင်လ (၉) ရက် နံနက်(၁) နာရီဝန်းကျင်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ပုံမှန်အတိုင်းသွားလာမှုများရှိနေကြောင်း သိရသည်။

သတင်း – နေဖြိုးမြင့် / ဓါတ်ပုံ – ကိုနေ

Source : Tachileik News Agency