အသက္ ၆၅ ႏွစ္ေက်ာ္ လူႀကီးမ်ား ေဆာင္းဥတုတြင္ ေရခ်ိဳးရမည့္ အခ်ိန္

ေဆာင္းဥတုတြင္ ေအးသည္ဟု ဆိုကာ ေရမခ်ဳိးဘဲ မေနသင့္ေပ။ အေအးပတ္မည္ စိုးသျဖင့္ ေရမခ်ဳိးဘဲ ရက္သတၱပတ္ ၾကာေနသူ သက္ႀကီးရြယ္အို တစ္ဦးသည္ သြားဖံုးမ်ား ၾကြၿပီး အစားအေသာက္ပ်က္လာသည္ကို ေတြ႕ရသည္။ မ်က္ေခ်းမ်ား ထြက္ၿပီး မ်က္စိၾကည့္ မေကာင္း ျဖစ္လာသည္။ ေရမခ်ဳိး ရသျဖင့္ ကိုယ္တြင္းအပူ ငုပ္ရာမွ အထက္သို႔ အပူ အခိုးအေငြ႔မ်ား ဆန္တက္ လာျခင္းျဖစ္သည္။

အသက္(၆၅)ႏွစ္ ေက်ာ္သူမ်ားကို လူႀကီးဟု သတ္မွတ္ၿပီး ေရခ်ဳိးရမည့္ အခ်ိန္ကိုလည္း ဥတုအလိုက္ သတ္မွတ္ ထားသည့္ လကၤာရွိသည္။ ျမန္မာ ေဆးဆရာ မ်ားသည္ လူႀကီးမ်ား ေရခ်ဳိးမမွား ေစရန္ လိုက္နာ ခိုင္းသည့္လကၤာမွာ ”ေႏြ ကိုး၊ မိုး တစ္ဆယ္၊ ေဆာင္း တစ္ဆယ့္တစ္” ဟူ၍ ျဖစ္သည္။

အဓိပၸာယ္မွာ လူႀကီးမ်ား၊ သက္ႀကီး ရြယ္အိုမ်ား၊ ေနမေကာင္း သူမ်ား ေရခ်ဳိးသင့္သည့္ အခ်ိန္မွာ ေႏြဥတုတြင္ နံနက္ ၉ နာရီခန္႔၌ သင့္ေတာ္သည္။ မိုးဥတုတြင္ နံနက္ ၁ဝ နာရီႏွင့္ ေဆာင္းဥတုတြင္ အေအးပို လာသျဖင့္ နံနက္၁၁ နာရီခန္႔မွသာ ေရခ်ဳိး ေပးသင့္သည္ ဟု ဆိုလိုသည္။

ဤစာဆိုသည္ က်န္းမာေရး ေကာင္းေနသူ လူငယ္မ်ား အတြက္ မဟုတ္ပါ။ က်န္းမာေရး ယိုယြင္းလာသည့္ လူႀကီးမ်ား အသက္ႀကီး သူမ်ား အတြက္သာ ျဖစ္သည္။

ေဆာင္းဥတုတြင္ ေရခ်ိဳးရမည့္အခ်ိန္

ေဆာင္းဥတုသည္ နံနက္ ေစာေစာတြင္ ႏွင္းျမဴမ်ား အံု႔ဆိုင္းၿပီး ေနအလင္းေရာင္ ေႏြးေထြးစြာ ရရွိဖို႔ ေနာက္က်ေသာ ရာသီျဖစ္သျဖင့္ အေအးမပတ္ ေစရန္ ေရခ်ဳိး ဆင္ျခင္သင့္သည္။ ေႏြးေထြးေအာင္ ညအိပ္ခ်ိန္ႏွင့္နံနက္ေစာေစာ အိပ္ရာထခ်ိန္ မ်ားတြင္ သတိျပဳ ဆင္ျခင္ၿပီး လံုၿခံဳ ေႏြးေထြးေသာ ေစာင္၊ အေႏြးထည္ အဝတ္အစား မ်ားကို ဂ႐ုတစိုက္ ဝတ္ဆင္ သင့္ေၾကာင္း သတိျပဳ ေစလိုသည္။

”ေရခ်ဳိးလို႔ေသတဲ့ မသာပဲ ရွိတယ္။ ေရမခ်ဳိးလို႔ ေသတဲ့ မသာမရွိဘူး” ဟု ေျပာေလ့ရွိသည္။ ဤသည္မွာ လူၿပိန္းေတြး ေတြးၿပီး ေျပာေသာ စကားျဖစ္သည္။ ပညာရွိမ်ား ေျပာေသာ စကားမဟုတ္ေပ။ ေရမခ်ဳိး သျဖင့္အသက္မေသ ေသာ္လည္း က်န္းမာေရးမေကာင္းႏုိင္ေပ။

အပူငုပ္ၿပီး ကိုယ္သားကိုယ္ေရ ေျခာက္ေသြ႕ျခင္း၊ ပပ္ၾကားအက္ျခင္း၊ အေငြ႕အသက္ မေကာင္းျခင္း၊ မ်က္စိ မၾကည္ျခင္း၊ ပါးစပ္ခံတြင္း နံျခင္း၊ လွ်ာကြဲျခင္း၊ စပ္ျခင္း၊ သြားနာျခင္း၊ သြားဖံုးၾကြျခင္း၊သြားေျခေရာင္ျခင္း၊ လွ်ာတြင္အႏွစ္တက္ျခင္း၊ ခံတြင္းပ်က္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းေျခာက္ ဆုိးျခင္း၊ အဆုတ္တြင္ အပူငုပ္၍ တေငြ႕ေငြ႕ ဖ်ားျခင္း၊ ၾကက္ကိုယ္ကဲ့သို႔ ပူေသာ ေရာဂါျဖစ္ျခင္း၊ စိတ္ေလးျခင္း၊ညအိပ္မေပ်ာ္ျခင္း စေသာ ေရာဂါေပါင္းစံုဝင္ေရာက္ လာႏုိင္သည္။ ဤသည္မွာ ေရမခ်ဳိးျခင္း၏ေနာက္ဆက္တြဲ ေရာဂါမ်ား ျဖစ္သည္။

ေရွးက ျမန္မာ့ ေဆးပညာရွင္ ႀကီးမ်ား မိန္႔ၾကားသည္မွာ ေရခ်ဳိးရမည္၊ မခ်ဳိးရမည္ ဆုိသည္မွာ မိမိအေပၚ မူတည္သည္။ ေရခ်ဳိးလိုစိတ္ ျဖစ္ေပၚမွ ေရခ်ဳိးရမည္။ ေရအိုး၊ ေရကန္ အနီးသို႔ သြားၿပီး ခ်မ္းစိမ့္စိမ့္ ျဖစ္လာလွ်င္ မခ်ဳိးရ။ အရဲကိုး၍ ခ်ဳိးမည္ ဆိုလွ်င္လည္း ဒူးေအာက္ေျခဖ်ားမွ စတင္ၿပီး ေရေလာင္းရမည္။ တျဖည္းျဖည္း အထက္သို႔ တက္ၿပီး ေလာင္းလာရမည္။

မ်က္ႏွာသစ္၊ ပလုတ္က်င္း ၿပီးမွ ဦးေခါင္းေပၚသို႔ ေရေလာင္းရမည္။ အခ်ိန္ ၾကာျမင့္စြာေရခ်ဳိးျခင္း မျပဳရ။ ေအးေသာ ရာသီတြင္ လ်င္ျမန္စြာ ေရခ်ဳိးျခင္း သည္သာ အေကာင္းဆံုး ျဖစ္သည္ဟု ဆိုသည္။

ေရခ်ဳိးျခင္းသည္ လူတို႔ေန႔စဥ္ ျပဳအပ္ေသာ ကိစၥတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။ သို႔ေသာ္ ဥတုႏွင့္ အခ်ိန္အခါကို ၾကည့္ရမည္။ ေရခ်ဳိးျခင္းေၾကာင့္ အခိုးအာကာသ ရႏိုင္သကဲ့သို႔ ေရခ်ဳိးမွားလွ်င္ အခိုးငုပ္၍ ဖ်ားနာတတ္သည္။ ကံ၊ စိတ္၊ ဥတု၊ အာဟာရတြင္ ေရခ်ဳိးျခင္းသည္ ဥတုႏွင့္ ဆုိင္သည္။

ဥတုေျပာင္းခ်ိန္ ေရခ်ဳိးျခင္း၊ ဥတုပ်က္ခ်ိန္ ေရခ်ဳိးျခင္း၊ အပူအေအး လြန္ကဲခ်ိန္တြင္ ေရခ်ဳိးျခင္းကို သတိျဖင့္သာ ျပဳအပ္ေၾကာင္း တင္ျပလိုက္ရ ေပသည္။

ၾကည္ျမင့္လြင္ (မုျဒာ)

(Unicode Version)

အသက် ၆၅ နှစ်ကျော် လူကြီးများ ဆောင်းဥတုတွင် ရေချိုးရမည့် အချိန်

ဆောင်းဥတုတွင် အေးသည်ဟု ဆိုကာ ရေမချိုးဘဲ မနေသင့်ပေ။ အအေးပတ်မည် စိုးသဖြင့် ရေမချိုးဘဲ ရက်သတ္တပတ် ကြာနေသူ သက်ကြီးရွယ်အို တစ်ဦးသည် သွားဖုံးများ ကြွပြီး အစားအသောက်ပျက်လာသည်ကို တွေ့ရသည်။ မျက်ချေးများ ထွက်ပြီး မျက်စိကြည့် မကောင်း ဖြစ်လာသည်။ ရေမချိုး ရသဖြင့် ကိုယ်တွင်းအပူ ငုပ်ရာမှ အထက်သို့ အပူ အခိုးအငွေ့များ ဆန်တက် လာခြင်းဖြစ်သည်။

အသက်(၆၅)နှစ် ကျော်သူများကို လူကြီးဟု သတ်မှတ်ပြီး ရေချိုးရမည့် အချိန်ကိုလည်း ဥတုအလိုက် သတ်မှတ် ထားသည့် လင်္ကာရှိသည်။ မြန်မာ ဆေးဆရာ များသည် လူကြီးများ ရေချိုးမမှား စေရန် လိုက်နာ ခိုင်းသည့်လင်္ကာမှာ ”နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း တစ်ဆယ့်တစ်” ဟူ၍ ဖြစ်သည်။

အဓိပ္ပာယ်မှာ လူကြီးများ၊ သက်ကြီး ရွယ်အိုများ၊ နေမကောင်း သူများ ရေချိုးသင့်သည့် အချိန်မှာ နွေဥတုတွင် နံနက် ၉ နာရီခန့်၌ သင့်တော်သည်။ မိုးဥတုတွင် နံနက် ၁ဝ နာရီနှင့် ဆောင်းဥတုတွင် အအေးပို လာသဖြင့် နံနက်၁၁ နာရီခန့်မှသာ ရေချိုး ပေးသင့်သည် ဟု ဆိုလိုသည်။

ဤစာဆိုသည် ကျန်းမာရေး ကောင်းနေသူ လူငယ်များ အတွက် မဟုတ်ပါ။ ကျန်းမာရေး ယိုယွင်းလာသည့် လူကြီးများ အသက်ကြီး သူများ အတွက်သာ ဖြစ်သည်။

ဆောင်းဥတုတွင် ရေချိုးရမည့်အချိန်

ဆောင်းဥတုသည် နံနက် စောစောတွင် နှင်းမြူများ အုံ့ဆိုင်းပြီး နေအလင်းရောင် နွေးထွေးစွာ ရရှိဖို့ နောက်ကျသော ရာသီဖြစ်သဖြင့် အအေးမပတ် စေရန် ရေချိုး ဆင်ခြင်သင့်သည်။ နွေးထွေးအောင် ညအိပ်ချိန်နှင့်နံနက်စောစော အိပ်ရာထချိန် များတွင် သတိပြု ဆင်ခြင်ပြီး လုံခြုံ နွေးထွေးသော စောင်၊ အနွေးထည် အဝတ်အစား များကို ဂရုတစိုက် ဝတ်ဆင် သင့်ကြောင်း သတိပြု စေလိုသည်။

”ရေချိုးလို့သေတဲ့ မသာပဲ ရှိတယ်။ ရေမချိုးလို့ သေတဲ့ မသာမရှိဘူး” ဟု ပြောလေ့ရှိသည်။ ဤသည်မှာ လူပြိန်းတွေး တွေးပြီး ပြောသော စကားဖြစ်သည်။ ပညာရှိများ ပြောသော စကားမဟုတ်ပေ။ ရေမချိုး သဖြင့်အသက်မသေ သော်လည်း ကျန်းမာရေးမကောင်းနိုင်ပေ။

အပူငုပ်ပြီး ကိုယ်သားကိုယ်ရေ ခြောက်သွေ့ခြင်း၊ ပပ်ကြားအက်ခြင်း၊ အငွေ့အသက် မကောင်းခြင်း၊ မျက်စိ မကြည်ခြင်း၊ ပါးစပ်ခံတွင်း နံခြင်း၊ လျှာကွဲခြင်း၊ စပ်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊သွားခြေရောင်ခြင်း၊ လျှာတွင်အနှစ်တက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်တွင် အပူငုပ်၍ တငွေ့ငွေ့ ဖျားခြင်း၊ ကြက်ကိုယ်ကဲ့သို့ ပူသော ရောဂါဖြစ်ခြင်း၊ စိတ်လေးခြင်း၊ညအိပ်မပျော်ခြင်း စသော ရောဂါပေါင်းစုံဝင်ရောက် လာနိုင်သည်။ ဤသည်မှာ ရေမချိုးခြင်း၏နောက်ဆက်တွဲ ရောဂါများ ဖြစ်သည်။

ရှေးက မြန်မာ့ ဆေးပညာရှင် ကြီးများ မိန့်ကြားသည်မှာ ရေချိုးရမည်၊ မချိုးရမည် ဆိုသည်မှာ မိမိအပေါ် မူတည်သည်။ ရေချိုးလိုစိတ် ဖြစ်ပေါ်မှ ရေချိုးရမည်။ ရေအိုး၊ ရေကန် အနီးသို့ သွားပြီး ချမ်းစိမ့်စိမ့် ဖြစ်လာလျှင် မချိုးရ။ အရဲကိုး၍ ချိုးမည် ဆိုလျှင်လည်း ဒူးအောက်ခြေဖျားမှ စတင်ပြီး ရေလောင်းရမည်။ တဖြည်းဖြည်း အထက်သို့ တက်ပြီး လောင်းလာရမည်။

မျက်နှာသစ်၊ ပလုတ်ကျင်း ပြီးမှ ဦးခေါင်းပေါ်သို့ ရေလောင်းရမည်။ အချိန် ကြာမြင့်စွာရေချိုးခြင်း မပြုရ။ အေးသော ရာသီတွင် လျင်မြန်စွာ ရေချိုးခြင်း သည်သာ အကောင်းဆုံး ဖြစ်သည်ဟု ဆိုသည်။

ရေချိုးခြင်းသည် လူတို့နေ့စဉ် ပြုအပ်သော ကိစ္စတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သို့သော် ဥတုနှင့် အချိန်အခါကို ကြည့်ရမည်။ ရေချိုးခြင်းကြောင့် အခိုးအာကာသ ရနိုင်သကဲ့သို့ ရေချိုးမှားလျှင် အခိုးငုပ်၍ ဖျားနာတတ်သည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတွင် ရေချိုးခြင်းသည် ဥတုနှင့် ဆိုင်သည်။

ဥတုပြောင်းချိန် ရေချိုးခြင်း၊ ဥတုပျက်ချိန် ရေချိုးခြင်း၊ အပူအအေး လွန်ကဲချိန်တွင် ရေချိုးခြင်းကို သတိဖြင့်သာ ပြုအပ်ကြောင်း တင်ပြလိုက်ရ ပေသည်။

ကြည်မြင့်လွင် (မုဒြာ)

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္