တစ်ပတ်မှာ ၄ ရက်သာ အလုပ်လုပ်ခြင်းက အောင်မြင်မှု ပိုရနိုင်ကြောင်း သိပ္ပံပညာရှင်များ သက်သေပြ

အလုပ်ချိန်များများယူရုံနဲ့ အလုပ်တွေအများကြီးပြီးမြောက်မယ်လို့ ထင်ပါသလား။ ဒီနေ့ခေတ်ဝန်ထမ်းတွေဟာ တစ်ပတ်မှာ တစ်ရက်နား ၊ အလုပ်တက်ရက်တစ်ရက်မှာ ၈ နာရီလောက်အလုပ်လုပ် ၊ ရုံးချိန်မီအောင်ပြေးပြီး ပင်ပန်းနွမ်းနယ်နေကြရပါတယ်။ ဒီလိုအလုပ်ချိန်များရုံနဲ့ အလုပ်ပြီးမြောက်မှု ၊ အလုပ်သမားတွေရဲ့စွမ်းဆောင်ရည် သိသိသာသာတက်မလာဘူးဆိုတာကို လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့စိတ်ပညာကျွမ်းကျင်သူ K. Anders Ericsson က လေ့လာချက်တွေအများကြီးပြုလုပ်ပြီး သက်သေပြခဲ့ပါတယ်။

“ လူတွေဟာ တစ်နေ့မှာ ၄ နာရီ ၅ နာရီ လောက်ပဲ အလုပ်ကိုအကောင်းဆုံးလုပ်နိုင်ကြပါတယ်။ အဲဒီထက်ကျော်လာရင် သူတို့ရဲ့စွမ်းဆောင်ရည်ကျသွားမှာပါ။ တကယ်လို့များ သူတို့ကို တစ်ချိန်လုံး တွန်းအားပေးနေမယ်ဆိုရင် သာမန်စွမ်းဆောင်ရည်ကိုပဲရလိမ့်မယ်” လို့ Ericsson ကပြောပါတယ်။

Treehouse ရဲ့CEO Ryan Carson ဟာ ၂၀၀၆ ခုနစ်မှာ တစ်ပတ်ကို အလုပ်ချိန် ၃၂ နာရီ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒီလိုပြောင်းလဲလိုက်မှုအတွက် ရလဒ်ကောင်းတွေပဲ ရလာခဲ့တယ်လို့ဆိုပါတယ်။ ဝန်ထမ်းတွေဟာပိုမိုပျော်ရွှင်လာကြပြီး စွမ်းဆောင်ရည်တွေတက်လာသလို ရုံးတက်ရက်မှာလည်း ပျော်ရွှင်တက်ကြွစွာ ရုံးကိုလာကြပါတယ်။ ကုမ္ပဏီဟာလည်း အောင်မြင်မှုတွေဆင့်ကဲ ရရှိခဲ့တယ်လို့ သူကသက်သေခံခဲ့ပါတယ်။ လက်ရှိမှာ Treehouse ဟာ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်းချီရနေတဲ့ အောင်မြင်တဲ့ ကုမ္ပဏီကြီးဖြစ်နေပါပြီ။

Reusser Design ကုမ္ပဏီရဲ့ တည်ထောင်သူ Nate Reusser ကလည်း အလုပ်ချိန်လျော့နည်းစေခြင်းနဲ့ပတ်သက်တဲ့ အယူအဆကိုထောက်ခံပါတယ်။ “အလုပ်ချိန်လျှော့ထားပြီး ပိတ်ရက်ပေးထားတဲ့အတွက် သောကြာနေ့လိုမျိုးမှာတောင် အိမ်စောစောမပြန်ကြဘဲ အလုပ်တွေပြီးအောင်တက်တက်ကြွကြွလုပ်ကြတယ်။ စွမ်းအင်အကုန်သုံးပြီး အကောင်းဆုံးလုပ်ကြတာ” လို့ သူ့အတွေ့အကြုံကိုမျှဝေပါတယ်။ သူဟာ ၂၀၁၃ ခုနစ်ကစပြီး တစ်ပတ်မှာ ၄ ရက် ရုံးတက်ရတဲ့အစီအစဉ်ကို စတင်ခဲ့တာပါ။

ကျောင်းစာသင်ကြားခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ကိုလိုရာဒိုပြည်နယ်မှာ တစ်ပတ်မှာ ၄ ရက်သာကျောင်းတက်ရတဲ့ အစီအစဉ်ကိုစမ်းသပ်ခဲ့ပါတယ်။ ၄ တန်း ၅ တန်း ကလေးတွေကို တစ်ပတ်မှာ ၄ ရက်သာကျောင်းတက်ခိုင်းကြည့်တဲ့အခါ သင်္ချာဘာသာရပ်နဲ့ စာဖတ်စွမ်းရည်တွေ သိသိသာသာတိုးတက်လာခဲ့ပြီး စာသင်ချိန်မှာ အာရုံစူးစိုက်မှုပိုလာခဲ့ပါတယ်တဲ့။

ဒီလိုအားလပ်ချိန်ပိုပေးခြင်း အလုပ်ပိတ်ရက်ပေးခြင်းတွေက ဝန်ထမ်းတွေအတွက် ကိုယ်ပိုင်ဘဝမှာရော အလုပ်ခွင်မှာပါ ပိုမိုပျော်ရွှင် အောင်မြင်မှုတွေရလာသလို ကုမ္ပဏီအတွက်လည်း ရေ၊ မီး နဲ့အခြားစရိတ်တွေ လျော့ကျနိုင်ပြီး ရလဒ်ကောင်းတွေသာပိုင်ဆိုင်နိုင်ကြတယ်လို့ လေ့လာတွေ့ရှိထားတာဖြစ်ပါတယ်။

ကဲ…ဘော်ဘော်တို့ရေ ဒီပို့စ်လေးကို သူဌေးမြင်အောင်များများသာ Share ပေတော့

Credit : Akhayar