ဘောလိဝုဒ်၌ အမီယာခန်းက ‘ခန်းတို့၏ဘုရင်’ ဖြစ်လာ

မိသားစုအမည်တူညီကြသည့် အိန္ဒိယအမျိုးသားသရုပ်ဆောင် သုံးဦးသည် ဘောလိဝုဒ်လက်မှတ် ရောင်းချမှုဝင်ငွေစာရင်းကို ဆယ်စုနှစ်သုံးခုကြာ လွှမ်းမိုးခဲ့သော်လည်း Dangal ဇာတ်ကားအကြီးအကျယ် အောင်မြင်ခဲ့ပြီးနောက် အမီယာခန်းသည် ယခုအခါ ‘ခန်းတို့၏ဘုရင်’ ဖြစ်လာခဲ့သည်။

ဘောလိဝုဒ်၏ ခန်းမင်းသားများဟုသိရှိသည့် အမီယာခန်း၊ ရှရွတ်ခန်းနှင့် ဆယ်လ်မန်ခန်းတို့သည် ၁၉၉၀ ပြည့်လွန်နှစ်လယ်မှစပြီး ဟိန္ဒီရုပ်ရှင်လောက၏ သရုပ်ဆောင် အကျော်အမော်များ ဖြစ်လာခဲ့သည်။

အမီယာခန်းအဓိက ဇာတ်ကောင်အဖြစ် ပါဝင်ထားသည့် Dangal ဇာတ်ကားက လက်မှတ်ရောင်းချမှု ၀င်ငွေစာရင်းတွင် စံချိန်သစ်တင်ခဲ့ပြီးနောက် ၎င်းကရှရွတ်ခန်း၏ ‘ခန်းတို့၏ဘုရင်’ သရဖူကို သိမ်းပိုက်ခဲ့သည်။ နပန်းအားကစားသမားတစ်ဦး၏ အတ္ထုပ္ပတ္တိကို အခြေပြုရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၃၁၀ သန်းကျော်ရရှိသည့် ပထမဆုံးအိန္ဒိယဇာတ်ကားအဖြစ်လည်း စံချိန်သစ်တင်ထားသည်။

ခန်းသည် ယင်းဇာတ်ကားတွင် သမီးများဖြစ်သည့် Geeta နှင့် Babita Phogat တို့ကိုနပန်းချန်ပီယံများဖြစ်လာအောင် လေ့ကျင့်ပေးခဲ့သည့် အပျော်တမ်းနပန်းသမားနှင့် နပန်းနည်းပြဆရာ Mahavir Singh Phogat အဖြစ်သရုပ်ဆောင်ထားသည်။ Geeta သည် ၂၀၁၀ ပြည့်နှစ် ဓနသဟာယ အားကစားပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံအတွက် ရွှေတံဆိပ်ရယူပေးခဲ့ပြီး Babita သည်လည်း ၂၀၁၄ ခုနှစ် ဓနသဟာယ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။

အမျိုးသမီးများကို ချိုးနှိမ်ဖိနှိပ်မှုနှင့် စည်းကမ်းတင်းကျပ်သည့် မိဘအုပ်ထိန်းမှုအကြောင်း ပါဝင်သည့်ယင်းဇာတ်ကားသည် မျိုးချစ်စိတ်ကို ဖော်ကျူးသောဇာတ်ကားလည်းဖြစ်သည်ဟု ဝေဖန်ရေးသမားများက ပြောကြားခဲ့သည်။

“အမီယာခန်းက အိန္ဒိယပရိသတ်တွေနဲ့ဆက်စပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူးပြီး ထင်မြင်ယူဆချက်တွေကို ထည့်သွင်းပေးတဲ့ သရုပ်ဆောင်တစ်ဦးပါ။ သူ့လိုသရုပ်ဆောင်မျိုးက ရှားပါတယ်” ဟု ရုပ်ရှင်ဇာတ်ကား ဖြန့်ချိသူ Akshaye Rathi ကပြောကြားခဲ့သည်။ အမီယာခန်းသည် ပျမ်းမျှအားဖြင့် နှစ်နှစ်လျှင် ရုပ်ရှင်ဇာတ်ကားတစ်ကားသာ ရိုက်ကူးပြီး ဆယ်လ်မန်ခန်းနှင့် ရှရွတ်ခန်းတို့က တစ်နှစ်လျှင် ရုပ်ရှင်နှစ်ကားစီ ရိုက်ကူးလေ့ရှိသည်ဟုလည်း Rathi ကပြောကြားခဲ့သည်။

အမီယာခန်း၏ ၂၀၁၄ ခုနှစ်ကဖြန့်ချိခဲ့သည့် ဘာသာရေးဆိုင်ရာ အယူသီးမှုများကို မေးခွန်းထုတ်ထားသည့် PK ဇာတ်ကားက သမိုင်းတစ်လျှောက်ဝင်ငွေ အကောင်းဆုံးဘောလိဝုဒ်ဇာတ်ကားစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။

အမီယာခန်း၏ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့သည့် 3 Idiots ဇာတ်ကားသည်လည်း အင်ဂျင်နီယာများဖြစ်လာရန် ဖိအားများနှင့် ရုန်းကန်လှုပ်ရှားခဲ့ရသည့် ကျောင်းသားများနှင့် ပညာရေးစနစ်ကို သရုပ်ပေါ်စေခဲ့မှုကြောင့် အောင်မြင်မှုရရှိခဲ့သည်။

Source : Eleven Media Group