စျေးကောင်းရပြီး ခူးလို့ မနိုင်အောင် သီးတဲ့ ငရုပ်သီးကို စိုက်ပျိုးနည်း

အရပ်ဒေသကို လိုက်ပြီး စိုက်နည်း (၂) နည်းရှိပါတယ်။ အဲဒါတွေကတော့
၁။ တိုက်ရိုက်စိုက်နည်းနဲ့
၂။ ရွှေ့ပြောင်းစိုက်နည်းတို့ ဖြစ်ပါတယ်။

၁။ တိုက်ရိုက်စိုက်နည်း

ပျိုးခင်း၊ ပျိုးဘောင်တွေနဲ့ ပျိုးမထောင်ဘဲ နှစ်သက်တဲ့ ထယ်ရေး၊ ထွန်ရေးရရင် မျိုးစေ့တွေကို ညီညာစွာ ကြဲပက် စိုက်ပျိုးပါ။ တစ်ဧကကို မျိုးစေ့ (၁၀၀) ဂရမ် လိုအပ်ပါတယ်။ အပင်ပေါက်စုံရင် လိုချင်တဲ့ အကွာအဝေးထားပြီး ကျန်တဲ့ အပင်တွေကို နှုတ်ပစ်ပါ။ အများအားဖြင့်မုံရွာ၊ ဘုတလင်နဲ့ ညောင်ကန်တစ်ဝိုက်မှာ စိုက်ပျိုးလေ့ ရှိပါတယ်။

၂။ ရွှေ့ပြောင်းစိုက်နည်း

ထယ်ရေး အသင့်ပြင်ထားတဲ့ မြေပေါ်မှာ အသင့် ပျိုးထောင်ထားတဲ့ ပျိုးပင်တွေ ပျိုးသက် (၃၀-၄၅) ရက် ရရင် ရွှေ့ပြောင်းစိုက်ပျိုးပါ။

အပင် ပြုစုစောင့်ရှောက်ခြင်း

ရွှေ့ပြောင်းစိုက်ပျိုးပြီး ၃-၄ ရက်ကြာရင် အပင်စတင် လန်းလာပါလိမ့်မယ်။ ၁၀-၁၂ ရက်ကြာရင် ပေါင်းနှိမ်တာ၊ ရေသွင်းတာ စလုပ်ပါ။ ကြားပေါင်းလိုက်တာ၊ မြေဆွပေးတာ၊ မြေသြဇာကျွေးတာတွေကို (၂) ပတ်တစ်ကြိမ် လုပ်ပါ။

မြေသြဇာကျွေးခြင်း

တစ်ဧကကို နွားချေးလှည်း (၁၀-၂၀) စီးထည့်ပါ။ ဓါတ်မြေသြဇာဆိုရင် ကီလို (၅၀) ရှိသော ကောမက်စွမ်းအား (၁) အိတ်နှင့် ကောမက်ဂျစ်ပဆန် (၂) အိတ် နှုန်းကို မြေပြင်တုန်းကထည့်ပြီး၊ အပင်ကြီးထွားတဲ့ ကာလတစ်လျှောက်မှာ ကောမက်ဂျီ ၂၁ (၂) အိတ် နှင့် ကောမက်ဗွီစူပါ (၂) အိတ်ကို ခွဲကျွေးရပါမယ်။ တစ်ဧကကို နှမ်းဖတ်မှုန့် ကီလို (၅၀၀) နှုန်းကို ငရုတ်ပင် ပတ်လည် ထည့်ပေးပါ။

ခူးဆွတ်ခြင်း

ရွှေ့ပြောင်းစိုက်ပြီး (၂) လ အကြာမှာ ပန်းစတင်ပွင့်ပါတယ်။ ပန်းပွင့်ပြီး (၂) ပတ် အကြာကစပြီး ပထမအကြိမ် ခူးဆွတ်နိုင်ပါတယ်။ ရွှေ့စိုက်ပြီး (၃-၄) လအတွင်း ဆွတ်ခူးနိုင်ပါတယ်။ အသီးတွေ နီရဲလာရင် မြန်မြန်ဆွတ်ခူးပါ။ မှည့်နေတဲ့ အသီးတွေကိုပဲ ဆွတ်ခူးပါ။

ငရုတ်အသီး အမှည့်ကို ခူးတဲ့အခါမှာ ကြက်တူရွေး နှုတ်သီးရောင်နဲ့ ကြေးညိုရောင် အတောင့်ကို မခူးရပါဘူး။ ကြက်တူရွေး နှုတ်သီးရောင်ဆိုတာက ငရုတ်သီးဟာ အစိမ်းတစ်ပိုင်း၊ အနီတစ်ပိုင်း အဆင့်ကို ခေါ်တာဖြစ်ပြီး အဲဒီအဆင့်ကို ကျော်ရင် ကြေးညိုရောင် အဆင့်လို့ ခေါ်ပါတယ်။

အဲဒီ အဆင့် (၂) ဆင့်ကို ကျော်မှသာ ငရုတ်သီးကို ခူးရပါမယ်။ ငရုတ်သီးစိမ်း ဈေးကွက် ရှိတယ်ဆိုရင်တော့ ငရုတ်သီးစိမ်းတောင့်ကို ခူးနိုင်ပါတယ်။ မျိုးနဲ့ မြေကို မူတည်ပြီး ဒေသမျိုးများမှာ တစ်ဧကမှာငရုတ်သီးအခြောက် ပိဿာ၂၀၀-၃၀၀ ထွက်နိုင်ပြီး ငရုတ်သီးအစိမ်းနေနဲ့ ပိဿာ ၄၀၀-၁၀၀၀ ထွက်နိုင်ပါတယ်။

စပ်မျိုးများ သာမို ၁၁၊ ဒီမွန်မှာ တစ်ဧက ငရုတ်သီးအခြောက် ပိသာ ၁၀၀၀-၁၅၀၀ ထွက်နိုင်ပြီး အစိမ်း ပိသာ (၃၀၀၀-၄၅၀၀) ထွက်နိုင်ပါတယ်။

ဒေါက်တာကိုကို(စိုက်ပျိုးရေး)