ရိုးရာနည်းဖြင့် နွားနို့ခဲ ပြုလုပ်နည်း

(၁) မရိုးပင်၊ မရိုးကိုင်း၊ မရိုးရွက်တို့ကို အသုံးပြု၍ နို့ခဲပြုလုပ်ခြင်း (မြန်မာ့ရိုးရာနည်း)

– မရိုးပင်မှ အကိုင်း၊ အရွက်တို့ကိုခူးပြီး ရေဖြင့် သေချာဆေးပါ။ အကိုင်း၊ အရွက်တို့ကို ချိုးပြီး ထွက်လာသော အဖြူရောင်အစေးဖြင့် နွားနို့ထည့်မည့်အိုးကို သုတ်လိမ်းပါ။ အကိုင်း၊ အရွက်အချို့ကို ထုထောင်းပြီးထည့်ပါ။ နွားနို့ ၁ပိဿာ အတွက် ၁ ကိုင်းခန့်သုံးပေးပါ။

– ထို့နောက် နွားနို့အစိမ်းနှင့် ကောင်းစွာရောစပ်ပြီး မွှေပါ။ မီးဖိုပေါ်တွင် ဆူအောင်တည်ပါ။ နွားနို့များ အစိမ်းရောင်အရည်နှင့် အဖြူရောင်နို့ခဲများ ကွဲထွက်လာပါက မီးပိတ်ပါ။ အဝတ်သန့်သန့်ဖြင့် နာရီဝက်ခန့်စစ်ထားပါ။ ဒါဆိုရပါပြီ။

(၂) သံပရာရည် (သို့မဟုတ်) ရှာလကာရည်ဖြင့် နို့ခဲပြုလုပ်ခြင်း

– နွားနို့ကို ဆူအောင်တည်ပြီး အိုးမကပ်အောင်မွှေပေးပါ။

– နွားနို့ဆူပွက်လာပါက သံပရာရည် သို့မဟုတ် ရှာလကာရည်ကို ထည့်ပြီးမွှေပေးပါ။ နွားနို့ ၁ ပိဿာအတွက် လက်ဖက်စားဇွန်း ၁ဇွန်းစာထည့်ပါ။

– နွားနို့များ ကွဲထွက်လာပါက မီးပိတ်ပြီး ၅ မိနစ်ခန့်ထားပါ။

– အဝတ်သန့်သန့်ဖြင့် စစ်ယူပြီး ရေသန့်ထည့်ထားသော ဇလုံတွင်နှစ်ပြီး ၃ – ၄ ကြိမ်ခန့်ဆေးပါ။ (အချဉ်အနံ့နှင် အရသာပျောက်စေရန် ဖြစ်ပါသည်။) ထို့နောက် နာရီဝက်ခန့် ရေစစ်ထားပါ။

ရေစစ်ပြီးပါက အဝတ်ဖြင့်တင်းကျပ်စွာ ညှစ်ပြီးထုပ်ပါ။ အပေါ်မှ အလေးဖြင့် ၂ နာရီခန့် ဖိထားပါ။ ရေအားလုံးထွက်သွားပြီး နွားနို့ခဲရပါပြီ။

ရေခဲသေတ္တာတွင် ၁ ပတ်ခန့် သိမ်းထားနိုင်ပါသည်။ လေထုတ်ထားသောအိတ် သို့မဟုတ် ဗူးတွင်ထည့်ပြီး အေးခဲအခန်းတွင် ထားပါက ၁ လထက်ပို၍ အထားခံနိုင်ပါသည်။

နွားနို့ခဲသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အသားဓာတ်(ပရိုတင်း)၊ ကယ်လ်ဆီယမ်ဓာတ်၊ ဗိုက်တာမင် အေ၊ ဗိုက်တာမင် ဒီ၊ အဆီဓာတ် အစရှိသော အာဟာရဓာတ်များ ပါဝင်ပြီး အရိုးပါးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

Credit : မူရင်းရေးသားသူ