အချိုပွဲအတွက် နူးအိချိုဆိမ့်သော မလိုင်လုံး ပြုလုပ်နည်း

အချိုပွဲအတွက် ပျစ်နှစ်နေတဲ့ မလိုင်လုံး အီအီလေးကို အိမ်မှာ အဝဆွဲဖို့ မလိုင်ဆိမ့်ဆိမ့်လုံး ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း

၁။ နွားနို့ခဲ – ၄၀၀ ဂရမ်
၂။ ဂျုံ – ၆၀ ဂရမ်
၃။ နို့မှုန့် – ၃၀ ဂရမ်
၄။ ဆော်ဒါ – ဇွန်းတဝက် လ္ဘက်ဇွန်း
၅။ ကြော်ရန်ဆီ
၆။ သကြားရည်
၇။ သကြား – ၆၀၀ ဂရမ်
၈။ ရေ – ၆၀၀ ml
၉။ ဖာလာစေ့ – ၃စေ့
၁၀။ သံပုရာသီး – တစ်စိတ်

ပြင်ဆင်ပြုလုပ်ပုံ

၁။ လွယ်ကူတဲ့နည်းအဖြစ် နွားနို့ခဲကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဇလုံတစ်ခုတွင် နွားနို့ခဲကို လက်ဖြင့်ကြေအောင် ခြေထားပါ။

၂။ ဂျုံမှုန့် နို့မှုန့်နှင့် ဆော်ဒါထည့်ပြီး သမအောင်နယ်ပါ။

၃။ အားလုံးသမအောင် နယ်ပြီးပါက အသားကြိတ်စက်ဖြင့် မွနေအောင် ကြိတ်ပေးပါ။ (ကြိတ်စက် အဆင်မပြေပါက လက်ဖြင့် ကြေညက်နေအောင် ခြေပေးဖို့ လိုပါတယ်)

၄။ ကြိတ်ပြီးပါက အနေတော် အလုံးလေးများကို ချောမွေ့နေအောင် ဖွဖွလုံးပေးပါ။

၅။ လုံးနေစဉ် တဖက်မှာ သကြားရည် ကျိုထားပေးပါ။ သကြားရည် ကျိုမည့်အိုးတွင် သကြား ဖာလာစေ့ ရေနှင့် သံပုရာသီးညစ်ပြီး ဆူပွက်အောင်ကျိုပါ။

၆။ သကြားပျော်သွားပါက မီးလျော့ပြီး ဆယ်မိနစ်ခန့် တည်ထားပါ။ သကြားရည်ကို လက်ဖြင့်ကိုင်ပြီး စမ်းကြည့်ပါက စေးပျစ်သည့် အနေအထားရပါက မီးပိတ်ထားပါ။

၇။ ပြီးလျှင် ဆီအိုးတည်ပြီး လုံးထားသော မလိုင်လုံးလေးများကို ထည့်ပြီး နီညိုရောင်သမ်းသည်ထိ ကြော်ပေးပါ။ အရောင်ညီစေရန် အဆက်မပျက် မွေပေးပါ။

၈။ နီညိုရောင်သမ်းပါက ဆယ်ယူ ဆီစစ်ကာ အသင့်ကျိုပြီးသား သကြားရည် ပူပူထဲသို့ စိမ်ပေးပါ။

၉။ လက်ကျန် မလိုင်လုံးများကိုလည်း အထက်ပါအတိုင်း ကြော်ပြီး သကြားရည်တွင် စိမ်ပါ။

၁၀။ အားလုံးကြော်ပြီး စိမ်ပြီးပါက သကြားရည်အိုးကို ပြန်လည် အပူပေးပါ။(ဆူပွက်ရန် မလို) ပူလာပါက မီးပိတ် အဖုံးအုပ်ကာ မလိုင်လုံးများ သကြားရည် စုပ်သွားအောင် နှစ်နာရီခန့် စိမ်ထားပြီး နှစ်ဆခန့် ပွလာပါက အအေးခံကာ နူးအိချိုစိမ့်နေသော မလိုင်လုံးကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Credit : မူရင်းရေးသားသူ