ငါးခြောက်ကို အငန်ဓာတ်နည်းအောင် အရသာရှိရှိ စားသုံးနိုင်အောင် ဖုတ်နည်း

ငါးခြောက်ဖုတ်မယ်ဆိုရင် အရင်ဆုံး ဆားရည်ထဲ ငါးခြောက်ကို နာရီဝက်လောက် စိမ်ထားပါ။ ပြီးမှ ရေ ၃ ထပ် လောက် ဆေးပြီးရင် ဖုတ်လို့ ရပါပြီ။

ဆားရည် စိမ်ခြင်းက ငါးခြောက်ရဲ့အငံဓာတ်ကို နည်းသွားအောင် စုပ်ယူသလို ငါးခြောက်လှန်းတဲ့အခါ အခုသုံးနေကြတဲ့ ယင်မနားဆေးရဲ့ အန္တရာယ်ကလည်း နည်းသွားပါတယ်။ ရေဇလုံလေးတစ်လုံး ငါးခြောက်ထုမယ့် စဥ့်နှီတုံးနား အသင့်ထားထားပေးပါ။

ငါးခြောက်ကို ကြွပ်ကြွပ် မကြိုက်ပဲ ပျော့ပျော့လေး စားချင်ရင်တော့ ဆီထည့်ထားတဲ့ ပန်းကန်လေးလဲ အဆင်သင့် လုပ်ထားပါ။ ငါးခြောက်ကို စပြီးဖုတ်လို့ မီးအပူနဲ့ တွေ့ရင် ငါးခြောက်သားလေး စပြီးပျော့ ပျောင်းလာပါလိမ့်မယ်။

အဲ့ဒီအချိန် ငါးခြောက်ကို ပြန်ဆယ်ပြီး ဖွဖွလေး အသားပွလာအောင် ထုပြီးမှ ပြန်ဖုတ်ပါ။ ငါးခြောက်က ကျက်လာပြီး တူးစပြုလာရင် အသင့်ထားထားတဲ့ ရေဇလုံထဲ ထည့်ပြီး ချက်ချင်း ပြန်ဆယ်ပေးပါ။

မီးလေး ခဏပြန်ပြပြီး ဖွဖွလေးထုပါ။ ထုထားတဲ့ ငါးခြောက်ကိုချက်ချင်း အပူဓာတ်မကုန်ခင် ဆီစိမ်ပါ။ ဒါဆိုရင်တော့ ငါးခြောက်ပျော့ပျော့ပျောင်းပျောင်း လေးရပါပြီ။

သက်ကြီးရွယ်အို မိဘတွေလဲ အဆင်ပြေပြေ ဝါးလို့ ရပါတယ်။ ကြွပ်တာ ကြိုက်ရင်တော့ ထုလိုက် ဆီစိမ်လိုက် မလုပ်ပဲ ထုထားတဲ့ ငါးခြောက်တွေကို အေးသွားမှ ဆီစိမ်ပါ။ ဒါဆိုရင် တော့ ငါးခြောက် ကြွပ်ကြွပ်လေး ရပါပြီ။

Credit : ရွှေပုဇွန်