ကျွန်မအဘွားရဲ့ သရက်သီးသနပ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်

ဒီနေ့တော့ သူငယ်ချင်းတို့ကို ကျွန်မအဘွားဖြစ်သူရဲ့ သရက်သီးသနပ် လုပ်နည်းလေး မျှဝေပါရစေ။ အဘွားဆီကတဆင့် အမေက သင်ယူခဲ့ပြီး အခု ကျွန်မက အမေ့ဆီကနေ ပြန်လည်သင်ယူခဲ့တာပါ။

ပါဝင်ပစ္စည်း

၁။ သရက်သီးစိမ်း – ၄ လုံး (အစေ့ယှက်ပြီး အရှည်လက်တဝါးစာအရွယ် စိုင်သီး (သို့) ရင်ကွဲသီး)
၂။ ဆီ – ၄၀ကျပ်သား
၃။ ဂျင်း – လက်တဆစ်
၄။ ပဲနံ့သာစေ့ – ၁၂ (ထမင်းစားဇွန်း ) ပဲနံ့သာစေ့ အရသာ မနှစ်သက်သူများ အခွံချွတ်ထားတဲ့ မုန်ညင်းစေ့ကို အစားထိုး ပြုလုပ်နိုင်ပါတယ်နော်။
၅။ ငရုတ်သီးအရောင်တင်မှုန့် – ၁ ၁/၂ (ထမင်းစားဇွန်း)
၆။ ဇီယာ – ၁ ၁/၂ (ထမင်းစားဇွန်း)
၇။ ဆား – ၃ (ထမင်းစားဇွန်း)
၈။ ကြက်သွန်ဖြူ – ၅ ကျပ်သား

ပြုလုပ်နည်း

၁။ သရက်သီးကို အလုံးလိုက် ရေဆေးပြီး ခြောက်အောင် အဝတ်နဲ့ သုတ်ပါ။ ပြီးရင် ထက်ခြမ်းခြမ်းပြီး တစ်ခြမ်းကို (၈) စိတ် စိတ်ပါ။

၂။ စိတ်ပြီးသား သရက်သီးကို ဇကာထဲထည့်ပြီး တစ်နာရီလောက် လေသလပ်ခံထားပါ။

၃။ ပဲနံ့သာစေ့ကို ခဲ၊ သဲ၊ ရေဆေးသန့်စင်ပြီး နေပူထဲ ခြောက်သွေ့ပြီး ကျွတ်အောင်လှန်းပါ။ ဇီယာကိုလည်း သန့်စင်ပြီး နေလှန်းပါ။

၄။ နေလှန်းပြီး ကျွတ်နေတဲ့ ပဲနံ့သာစေ့ကို မညက်တညက် အမှုန့်ကြိတ်ပါ။

၅။ ဇီယာကို ညက်အောင် အမှုန့်ကြိတ်ပါ။

၆။ ဆီပူအောင်တည်ပြီး ဂျင်းကို အမျှင်ခြစ်ထည့်ပြီး ဆီသတ်ပါ။

၇။ ဆီဆူပွက်လာရင် မီးပေါ်က အောက်ချပြီး ပဲနံ့သာအမှုန့်၊ ဇီယာမှုန့်နဲ့ ငရုတ်မှုန့်ထည့်ပြီး မွှေပါ။ ဆီအဆူ ရပ်သည်အထိ မွှေပါ။ ဆီနည်းနည်း အေးလာပြီဆို မမွှေတော့ဘဲ ဆီအေးသည်အထိ ထားပါ။

၈။ ဆီတခါထဲ အေးပြီဆို ဆားထည့်မွှေပါ။

၉။ သရက်သီးကို ခြောက်သွေ့တဲ့ ဇလုံတစ်ခုထဲ ထည့်ပြီး ဆီထဲက အနှစ်တွေထည့်ကာ နှံ့စပ်အောင် လက်အခြောက်နဲ့ ဆုပ်နယ်ပါ။ ကြက်သွန်ဖြူပါ ထည့်နယ်ပါ။

၁၀။ ကျန်တဲ့ ဆီပါထည့်ပြီး နှံ့အောင်နယ်ပါ။

၁၁။ ခြောက်သွေ့နေတဲ့ ပုလင်းထဲ ထည့်ပြီး လေလုံအောင် ထားပါ။

တစ်ပတ်လောက်နေရင် ထမင်းစားမြိန်စေမယ့် သရက်သီးသနပ်လေးကို ရပါပြီနော်။

မှတ်ချက် ။ ။ သရက်သီးသနပ် ထည့်ပြီး တစ်ရက်လောက်နေရင် ပုလင်းကို ကြည့်ကြည့်ပါ။ ဆီမမြုပ်နေဘူးဆို နောက်ထပ်ဆီကို ဆူအောင်တည် အအေးခံပြီး တစ်ခါတည်း အေးပြီဆို သရက်သီးသနပ်အပေါ်ကနေ ဆီမြုပ်အောင် ထည့်ပါ။ ဆီမမြုပ်ရင် မှိုလိုက်တတ်ပါတယ်။

အဆင်ပြေကြပါစေ။

Credit : ဇီဇဝါ