အရသာရှိပြီး စားလို့ကောင်းတဲ့ ပုစွန်တုံယမ်း ချက်နည်း

ဒီနေ့အိမ်မှာ ပုစွန်တုံယမ်း ချက်ကျွေးတာ ဘေးအိမ်တွေလဲ ပေးလိုက်တယ်။ ကောင်းလို့ဆိုပြီး ချက်နည်းမေးကြတယ်။ ခုချိန်က ပုစွန်တွေလဲပေါ နေပြန်ကောင်းတဲ့ သူတွေလဲ ခံတွင်းပျက်နေကြတာ ချက်နည်းလေး ပြောပြချင်လို့ ခံတွင်းရှင်းပြီး အများစုအကြိုက်တွေတဲ့ အရသာမျိုးမို့ ချက်စားစေချင်လို့ပါ။

လိုအပ်တဲ့ ပစ္စည်းတွေက ပုံမှာပဲ ကြည့်လိုက်ပါ

*ချက်ပြုတ်နည်း*

– ရေ‌နွေး အနည်းငယ် ဆူအောင်တည်ပြီး ကြက်ရိုးကို ၅ မိနစ်လောက် ပြုတ်ပါ။ ပြုတ်ထားတဲ့ အရည်တွေကို သွန်လိုက်ပါ။ အရိုးတွေကို သက်သက် ဖယ်ထားပါ။

– လိုချင်တဲ့ ရေပမာဏထည့်ပြီး ကြက်ရိုးတွေကို ကြာကြာလေး ပြန်ပြုတ်ပေးပါ

– ကြက်ပြုတ်ရည် ရပြီဆိုရင် ကြက်ရိုးတွေကိုဖယ်ထားပြီး ရေပမာဏကို ပြန်ကြည့်ပါ။ အနည်းအများ လိုအပ်သလို ထည့်ပါ။

– ကြက်ရိုး ပြုတ်ရည်ထဲကို လှီးထားတဲ့ ပဒဲကောနဲ့စပါးလင်ထည့်ပြီး တည်ထားပါ။ ပွတ်လာပြီး အနံ့‌ထွက်လာတဲ့ထိ တည်ပေးပါ။

– တုံယမ်းခဲကို ပန်းကန်တစ်ခုထဲမှာ ရေ(သို့) ရေနွေးနဲ့ အရည်ဖျော်ထားပါ။

– ဟင်းရည်ပွတ်လာပြီး အနံ့လေး သင်းလာရင် တုံယမ်း ထည့်ပေးပါ။ (သတိပြုရမှာက တစ်ခါထဲနဲ့အများကြီး မထည့်ပါနဲ့ အရသာလိုမှ ထပ်ထည့်ပါ)

– ငရုတ်သီးစိမ်း ခြမ်းထားတာတွေ ထည့်ပါ။ (အစပ်ကြိုက်ရင် ပိုထည့်ပါ)

– ခရမ်းချဉ်သီးထည့်ပါ ( နည်းနည်း ကြာကြာလေးတည်ပေးပါ။ အိုးထဲက ထည့်ထားတာတွေ အရသာတွေ ထွက်လာအောင်ပါ)

– ပုစွန်ထည့်ပါ

– ဟင်းရည်ထဲ ထည့်စားမယ့် အသီးအရွက်တွေ ထည့်လို့ရပါပြီ။ (မြန်မြန် နူးလွယ်တာတွေကို ဟင်အိုးချခါနီးမှ ထည့်ပေးပါ။ အနူးမလွယ်တာတွေကို အရင်ထည့်ပြီး တည်ထားပါ)

– အရသာတွက် လိုအပ်သလို ပြင်ဆင်ပါ

-အရေးကြီးဆုံးက အုန်းနို့ထည့်ရမှာပါ။ သူ့ကိုမထည့်ရင် စားရတာ မကောင်းပါဘူး။ ထည့်လိုက်မှ အရသာက တစ်မျိုးဖြစ်ပြီး စားလို့ကောင်းတာပါ။ (သုံးထားတဲ့ ပစ္စည်းကို ပုံနဲ့ပြထားပါတယ်)

– အရသာမြည်ပြီး လိုအပ်သလို ပြင်ဆင်ပြီးရင် ရှမ်းနံနံလေး ခပ်ပေးပါ။ ချက်လို့ပြီးပါပြီ။

အရမ်းလွယ်ပါတယ် ဟင်းရည်အိုးထဲ တစ်ခုပြီးတစ်ခု ထည့်လိုက်တာပါပဲ။ စားလို့ကောင်းလို့ ပြန်မျှဝေတာပါ းာ လုပ်စားကြပါရှင့်။

ThinzarSoe (Original Uploader)