မုန့်ပေါက်စီ (သို့မဟုတ်) မုန့်လုံးရေပေါ် ပြုလုပ်နည်း

တစ်ဒေသနဲ့တစ်ဒေသ ခေါ်ဆိုပုံခြင်းကွဲလွဲနိုင်ပါတယ်။ မင်မင်တို့ရှမ်းပြည်ဖက်မှာတော့ မုန့်ပေါက်စီလို့ပဲ ခေါ်ကြတာ များပါတယ်ရှင်။

မုန့်ပေါက်စီပြုလုပ်ဖို့အတွက် အရင်ဆုံး အထဲမှာအစာသွပ်ဖို့ အုန်းသီးကိုခြစ်ပြီး သကြားရယ် ရေအနည်းငယ်ထည့်ကာအုန်းသီးယိုအရင်ချက်ရပါမယ်။ရေမကျန်အောင်မီးအေးအေးနဲ့ပဲချက်ပါလို့။ အုန်းသီးယိုရပြီဆို အအေးခံထားပါရှင်။

ပြီးရင် ငပျောရွက်ကိုလေးထောင့်ပြားလေးတွေရအောင်ညှပ်ထားရပါမယ်ရှင်။ မုန့်ပေါက်စီအောက်ခင်းလုပ်ဖို့အတွက်ပါနော်။

ယိုးဒယားကောက်ညှင်းမှုန့် 850 g တစ်ထုပ်ကို ရေနည်းနည်းချင်းစီထည့်ကာနယ်ပေးပါ။ဆားအနည်းငယ်ပါထည့်နယ်ပေးရမယ်နော်။ မုန့်သားကောင်းကောင်း ရဖို့အတွက် ရေထည့်နယ်တဲ့အခါရေများပြီးပျော့ပြဲမသွားအောင်အထူးဂရုစိုက်ပေးပါရှင်။

မုန့်သားနယ်လို့ပြီးသွားပြီဆိုရင် မိမိနှစ်သက်သလို အလုံးအရွယ်အစားကို ဖဲ့ယူကာ ခုနကချက်ပြီးအအေးခံထားတဲ့အုန်းသီးယိုကိုအစာသွပ်ပြီးလုံးလိုက်ပါ။လုံးပြီးရင် ငပျောရွက်အခင်းလေးပေါ်တင်ကာပေါင်းမယ့်အိုးထဲစီထည့်ပြီးပေါင်းလိုက်ပါ။

15 မိနစ်ခန့်ပေါင်းပြီးရင်တော့ နူးညံ့အိစက်ပြီးအင်မတန်စားကောင်းတဲ့မုန့်ပေါက်စီလေးတွေရပါပြီရှင်။

Credit : Nang Myat K Tar