စွန်းလွန်းဆရာတော်ကြီး၏ အံ့ဩဖွယ်ရာ ဖြစ်ရပ်ဆန်းများ

ကိုရင်ကြီး ဦးကဝိသည် စွန်းလွန်းတောင်ဘက်ရှိ မောင်ရင်ပေါ်ချောက်၌ တစ်ကိုယ်တည်း တရား ရှုမှတ်နေ၏။

ကောင်းကင်မှ တဝီဝီ အသံကြီးမှာ ကြက်သီး ထလောက်အောင် မြည်ဟည်းနေ၏။ သတိ၊ သမာဓိ၊ ပညာ ထက်သန်ညီမျှစွာ ရှုမှတ်နေရာမှ အသံကြားရာအထက်သို့ မော့ကြည့်လိုက်ရာ ငွေစောင်းတန်းကြီးမှ နတ်ရထားပျံကြီး တစ်စင်းသည် အရှိန်ပြင်းစွာဖြင့် မိမိထံသို့ တည့်တည့်ကြီး ဦးတည် ဆင်းလာနေသည်ကို တွေ့ရ၏။

ဦးကဝိကား နတ်ရထားပျံကြီးကို ဆက်၍ မကြည့်တော့ဘဲ မိမိတရားကိုပင် ရှုမှတ်မြဲ၊ ရှုမှတ် နေလိုက်သည်။

ဦးကဝိသည် တရားကိုသာ ဖိ၍ မိမိရရ ရှုမှတ်နေစဉ် ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ ပေါ့၍၊ ပေါ့၍ လာ၏။ အိခနဲ၊ ငြိမ့်ကနဲ၊ သိမ့်ခနဲ ဖြစ်ကာ အပေါ်သို့ မြောက်တက်သွားသည်ဟု ထင်၍ မျက်စိကို ဖွင့်ကြည့်လိုက်ရာ စောစောက တွေ့လိုက်ရသော ရထားပျံကြီးမှာ မိမိအောက်သို့ ရောက်နေသည်ကို တွေ့ရပြန်သည်။

ထို ရထားပျံကြီး၏ ထောင့်လေးထောင့်တွင် နတ်မင်းကြီးလေးပါးနှင့် လက်ယာဘက်တွင် သိကြားမင်းကို တွေ့ရ၏။ အားလုံး အရိုအသေ ပြုနေကြသည်။

တစ်နေ့ကပင် ကျောင်းအနီး၌ မှိုပွင့်ကြီးတစ်ပွင့် တွေ့၍ နှုတ်လိုက်ရာ မှိုငုံမှိုမြစ်ပါမကျန် တစ်အုံလုံး ကျွတ်ထွက်လာသည်ကို တွေ့ရကတည်းက ” အမြစ်ပြတ် လုံးဝ အကျွတ်တရား ရတော့မည် ” ဟု ယူဆကာ အရိုးကြေကြေ အရေခန်းခန်း မထတမ်း ကြိုးစားခဲ့ရာ ယခု နတ်သိကြားများကို တပ်အပ်သေချာ တွေ့မြင် ရပြန်သောအခါ…

” ငါ့အား တရားထူး ရတော့မည်ဖြစ်၍ လာရောက် စောင့်ကြသည် ” ဟု မှတ်ထင်လိုက်၏။ နတ်ရထားနှင့် နတ်သိကြားတို့ကို ဂရုမမူဘဲ က္ကုရိယာပုတ် တစ်ခုတည်းဖြင့် တစ်ရှိန်တည်း တစ်သွန်တည်း ခန္ဓာကိုယ်နှင့် အသက်ကိုပင် စွန့်လွှတ်၍ အားထုတ်ရာ ထိုနေရာ၌ပင် ရဟန္တာ ဖြစ်တော် မူလေ၏။

ဘဝများစွာ ကမ္ဘာကို ထုတ်ချင်း မြင်တော်မူပုံ

အတန်ကြာသောအခါ သတိရလာ၍ စောစောက နတ်ရထားကြီးကို ကြည့်လိုက်ရာ မရှိတော့ပေ။ အထက်သို့ မော့ကြည့်လိုက်ရာ သိကြားမင်းနှင့် နတ်မင်းကြီး လေးပါးတို့သည် ” အချင်းတို့၊ လူ့ပြည်၌ ရဟန္တာတစ်ပါး ပေါ်ထွန်းနေပြီ။ သွားရောက် ဖူးမျှော်ကြကုန်လော့။ ” ဟု ကြွေးကြော်နေသည်ကို
တွေ့မြင်တော် မူ၏။

ထို့နောက် အနီးအပါးရှိ ဘုမ္မစိုး၊ ရုက္ခစိုး နတ်များနှင့်တကွ နတ်ဗြဟ္မာများ တစ်သုတ်ပြီး တစ်သုတ် လာရောက် ဖူးမျှော်ကြသည်မှာ ကြည့်၍ မဆုံးနိုင်အောင် ရှိတော့သည်။

ကိုယ်၊ စိတ် နှစ်ပါးစလုံး ထူးထူးခြားခြား ငြိမ်းချမ်း၍ လန်းဆန်းကြည်လင်စွာဖြင့် စကြဝဠာ ကမ္ဘာလောကဓာတ်ကြီးကို လှမ်းမျှော်၍ ကြည့်တော်မူရာ အထက်ဘဝဂ်၊ အောက်အဝီစိ ရှိရှိသမျှ ငရဲပြည်၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် အားလုံးကို ဒိုးယိုးထုတ်ချင်း ဟင်းလင်းအပြင် အကုန်စင်ကြီး တွေ့မြင်တော် မူရလေ၏။ သတ္တလောက၊ သခါင်္ရလောက၊ သြကာသလောက လောကကြီး သုံးပါးလုံးကိုလည်း အနုစိတ် ဝင်စား၊ သုံးသပ်တော် မူနိုင်လေသည်။

ထို့နောက် မိမိဘဝကို ဆင်ခြင် စဉ်းစားနေမိ၏။

မြင်းခြံမြို့၊ တောင်လက်စွန်းလွန်းရွာ ဦးသန့်၊ ဒေါ်တုတ် တို့မှ ၁၂၃၉-ခုနစ်၊ တပေါင်းလဆန်း ၂-ရက်၊ တနင်္လာနေ့ နံနက် လေးချက် မတီးမီ ဖွားမြင်သည်။

မြင်းခြံမင်းကျောင်း ဆရာတော်ထံ စာသင်သော်လည်း စာမတတ်သဖြင့် ၁၅ နှစ်သားတွင် ကျောင်းမှထွက်ကာ ဖခင်နှင့် အတူ အရေးပိုင်ရုံးတွင် ယပ်လေကြိုး ဆွဲရသော မင်းစေအလုပ်, လုပ်ခဲ့ပြီး အသက်-၃၀ တွင် အလုပ်မှ ထွက်၍ တောင်ယာ လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။

အသိဉာဏ် လွန်စွာ ချို့တဲ့လှသော မိမိ၏ လက်ရှိဘဝနှင့် အတုမရှိ မြင့်မြတ်လှသော အရဟတ္တဖိုလ်ဆုကြီးကို အပြီးတိုင် ရတော်မူခြင်း၏ ရှေ့ဖြစ်နောက်ဟောင်း အကြောင်းများကို ဆက်လက် ဝင်စားကာ ကြည့်ရှုတော်မူ၏။

ဦးကဝိ အရှင်မြတ်ကြီး ရရှိတော်မူသော အရဟတ္တ ဖလ အာသဝက္ခဉာဏ်တော်သည် ပုဗ္ဗေနိဝါသာနုတိဉာဏ်၊ ဒိဗ္ဗစက္ခဉာဏ် နှစ်ပါးနှင့်အတူ ပု-ဒိ-အာ ဟူသော ဝိဇ္ဇာ သုံးပါးလုံး ရတော်မူသဖြင့် တေဝိဇ္ဇ ရဟန္တာ ဟုပင် ဆိုရပေမည်။

” အဘယ်ကဲ့သို့သော ကုသိုလ်ကောင်းမှုများကို လုပ်ခဲ့၍ ဤသို့ တရားထူး ရလေသနည်း ” ဟု ဆင်ခြင်တော် မူသောအခါ ကဿပဘုရားရှင် လက်ထက်တော်က မိမိ ပြုခဲ့ဖူးသော ကောင်းမှုကို မြင်တော် မူလေ၏။

ဆရာတော်ကိုယ်တိုင် တရား နာခဲ့ပုံ

စွန်းလွန်းဆရာတော်ဘုရားကြီးသည် ဘေးပတ်ဝန်းကျင် မြင်မြင်သမျှသော သတ္တဝါတို့၌ များသောအားဖြင့် လောဘ၊ ဒေါသ၊ မာန တရားတို့သည် သာလျှင် များစွာ ဖြစ်တတ်လေရာ ထိုသို့သော သတ္တဝါတို့ လောဘချင်း ပြိုင်ကြ၊ ဒေါသချင်း ပြိုင်ကြ၊ မာနချင်း ပြိုင်ကြသည် တို့ကို မြင်ရ၊ တွေ့ရ သောအခါ တရားနာတတ်အောင် ဆုံးမသြဝါဒ ပေးသောအားဖြင့် ဆရာတော်ကြီး ကိုယ်တိုင် တရားနာခဲ့ပုံကို ဟောတော် မူဖူးသည်။

ဟောတော် မူပုံကား

” ဘုန်းကြီးဟာ လူဝတ်တုန်းက တောင်သူ လုပ်ကိုင် စားသောက်ခဲ့တာ ဖြစ်တော့ နွားကျောင်းရတာပေါ့။ နွားတွေဟာ သူ့နွား၊ ကိုယ့်နွား များစွာ စုရုံးမိတော့ သည်အထဲမှာ နွားသိုးတွေကလဲ ပါတော့ တစ်ကောင်နှင့်တစ်ကောင် တွန်ကြ၊ စောင်ကြနှင့် တော်တော်ကြာကျတော့ ခေါင်းချင်း တည်မိပြီး ဝှေ့ကြ တော့တာပေါ့။

ဝှေ့ကြလို့ တော်တော်ကြာတော့ အားသာတဲ့နွားက နိုင်ပြီး အားနည်းတဲ့ နွားဟာ ပြေးရော။ အဲသည်တော့ နွားနှစ်ကောင်ဟာ ချိုရင်းမှာ သွေးစက်လက်နဲ့ ခေါင်းကလေး တစ်ခါခါနှင့် နေကြတယ်။ ”

သည်တော့မှ ..
” အင်း ! သူတို့နှစ်ကောင်ဟာ ဒေါသချင်း ပြိုင်ကြတဲ့ အကောင်တွေပဲ၊ ဒေါသ ဆိုတဲ့ တရားဟာ အခိုက်အတန့်ကာလ ခဏကလေးသာ ဖြစ်သော အာဂန္တုက ဓာတ်ပဲ၊ အစွမ်းကောင်းသော ဝရမ်းပြေးနှင့် တူတယ်။ ဘယ်လိုပင် ဝှေ့ကြသော်လည်း ဒေါသကို ဘယ်သောအခါမှ မထိဘူး။ ဒေါသတည်း ဟူသော ဝရမ်းပြေးကို လက်ခံသော ခန္ဓာအိမ်သည်သာလျှင် ခေါင်းကလေး တစ်ခါခါနှင့် ကျန်ရစ်ခဲ့ပါကလား ” ဟု စဉ်းစားဆင်ခြင်ပြီး …

” နင် ! ဟိုအကောင်တွေ ကဲ့သို့ ဒေါသတည်းဟူသော ဝရမ်းပြေးကို လက်မခံနှင့်၊ လက်ခံ ခဲ့ပါလျှင် ဟိုအကောင်တွေကဲ့သို့ ဆင်းရဲဒုက္ခ ရောက်ရမည်မှာ အမှန်ဟု ဉာဏ်မျက်စိဖြင့် မြင်အောင် ရှုကြည့် ကြပါလေ၊ တပည့် ယောဂီတို့ ” ဟူ၍ ဖြစ်ပေသည်။

စွန်းလွန်းဆရာတော်ဘုရားကြီးသည် တစ်နေ့သောအခါ စွန်းလွန်းရွာတွင် ပရိတ်ရွတ်၊ ဆွမ်းစဉ်ကိစ္စ ပင့်လျှောက်သဖြင့် ကြွသွားရာမှ ပြန်လာသောအခါ ရွာထဲတွင် ကလေးမနှစ်ယောက် ခိုက်ရန်ဖြစ်ပွား အချင်းများလျက် တစ်ယောက်နှင့်တစ်ယောက် ” နင်ဘယ့်နှယ်၊ ငါဘယ်လို ” စသည်ဖြင့် ရွာကျော်ရပ်ကျော် ပြောဆို အော်ဟစ်နေကြသည်ကို တွေ့တော်မူ၏။

ထိုအခါ ဆရာတော်ကြီးက ကပ္ပိယဒကာ ကိုပြောင်းအား …

” ဟေ့ ! မောင်ပြောင်း၊ ဟောဟိုက ကလေးမနှစ်ယောက်ဟာ တရားဟော နေကြတယ်ကွယ့်၊ မောလှရော့မယ် ထင်တယ်၊ ဟောသည် ဌက်ပျောတစ်ဖီးကို ထက်ဝက်ခွဲပြီး တစ်ယောက်တစ်ခုစီ သွားပေးစမ်း။ အဲဒါ တရား ပူဇော်ပါတယ်၊ အမောပြေအောင် စားပြီးမှ ဆက်ဖြစ်ချင်ရင်လဲ ဖြစ်ကြ သေးတာပေါ့ ” ဟု မှာကြား စေလွှတ်တော် မူသည်။

ထိုကဲ့သို့ ဌက်ပျောသီး ပေးလိုက်သောအခါ ကလေးမနှစ်ယောက်မှာ ဟိုကြည့်၊ သည်ကြည့်နှင့် ဘာမျှ မပြောတော့ဘဲ ဌက်ပျောသီးကို ကိုင်ပြီး အကြောင်သား ငြိမ်နေ ကြလေ၏။

ရပ်သူရွာသားများ မြင်ကြသောအခါ ” ဘယ့်နှယ်လဲဟေ့၊ ရန်ဖြစ်နေတဲ့ ကလေးမနှစ်ယောက်ကို ဦးကဝိက ဌက်ပျောသီး မန်းပြီး ပေးခဲ့ လေရော့သလား ” ဟု များစွာ အံ့သြ ပြောဆို နေကြလေသည်။

ယောဂီ၏ ပတ်ဝန်းကျင်၌ နေ့စဉ် ပြောဆို၊ လုပ်ကိုင် ပြုမူနေကြသော ဖြစ်၊ ပျက် မှုအားလုံး တရားတို့ ချည်းသာတည်း။ စေ့စေ့စပ်စပ် မှတ်သား နာယူကြကုန်။

သထုံ နေမိန္ဓရ သိမ်သမုတ်ကြွစဉ် အဖြစ်ဆန်းများ

[ စွန်းလွန်းဆရာတော် သထုံကြွခါနီး ဝေဘူဆရာတော်က အစီအမံများ လုပ်ပေးလိုက်ပုံကို ဝေဘူဆရာတော် အခန်းတွင် ရှုပါ။ ]

ညောင်လွန့်ဆရာတော် ကဲ့သို့ပင် ဆရာတော်လည်း မပါလျှင် မပြီးသလောက် ချီးမြှောက်တော် မူခဲ့ရ၏။

သိမ်သမုတ်ပွဲ ပြီးလျှင် ဦးကျော်ဒွန်းက ဆရာတော်ကို ထမ်းချီကာ ” ဒါမှ ရဟန္တာ ပုဂ္ဂိုလ်ကြီးကွ ” ဟု အော်ဟစ် ကြွေးကြော်ကာ ဝမ်းမြောက် ခဲ့ရလေ၏။ သထုံမှာ သီတင်းသုံးခိုက် တရားများလည်း ဟောကြား ရသည်။

တစ်ညသ၌ တည်းကျောင်းသို့ ဘုန်းကြီးတစ်ပါး လာရောက်၍ ” ဦးကဝိ၊ ဦးကဝိ ” ဟု ခေါ်သံကြား၍ ဆင်းသွားရာ “ဟိုနား ခဏ လိုက်ခဲ့စမ်းပါ ” ဟု ဘုမသိ၊ ဘမသိ လာခေါ်၏။

” အင်း ! ငါနဲ့ သိကျွမ်းဖူးသူလည်း မဟုတ်၊ ခေါ်ရာ မလိုက်ရင် သူ စိတ်ဆင်းရဲ တော့မယ်၊ လိုက်ပြန်ရင်လည်း ငါ့မှာ ဆင်းရဲမယ်။ ကဲ ငါပဲ အဆင်းရဲ ခံပါမယ် လေ ” ဟု ဆုံးဖြတ်ကာ ရှေ့ကခေါ်ဆောင်ရာ မှောင်နှင့်မဲမဲ တောထဲသို့ လိုက်ပါ သွားခဲ့ရ၏။

တောနက်ထဲသို့ ရောက်လျှင် ..
” ကဲ ! တော်ပါပြီ ဘုရား၊ ပြန်ကြွပါတော့ တပည့်တော် လိုက်ပို့ပါ့မယ် ” ဟု ဆိုရာ ..

” နေပါစေ၊ တပည့်တော်ဘာသာ ပြန်ပါ့မယ် ” ဆို၍ မှောင်နှင့်မည်းမည်း စမ်းတဝါးဝါး ပြန်လာ ခဲ့ရသည်။ အသွားကလောက် မဝေးဘဲ တည်းကျောင်းသို့ လွယ်လင့်တကူဖြင့် ပြန်ရောက်၏။ ရဟန္တာ ဟုတ် – မဟုတ် ၊ တုန်လှုပ် ကြောက်ရွံ့ခြင်း ရှိ – မရှိ စူးစမ်းဟန် တူသည်။

သထုံ၌ နေခိုက် တစ်နေ့တွင် သေက္ခုတောင် ဦးတိလောကနှင့် တရားအားထုတ်ဘက် ခရွဲဆရာတော်မှ စုံစမ်းရန် ရောက်လာ၏။ ဦးကဝိထက် အသက်၊ သိက္ခာ ကြီးသည်။ ညောင်လွန့် ဆရာတော်က …

” ဦးကဝိ၊ ခရွဲဆရာတော်ကို စုံစမ်း ကြည့်စမ်းပါ။ လောကီတွေ အတော် ဆည်းပူးထားတာ၊ သူ့ဟာသူ ထိပ်တန်းပဲ ဆိုပြီး အလံ ထူထားတယ် ” ဟု ဆို၍ စုံစမ်းကြည့်ရာ ခရွဲဆရာတော်က ကသိုဏ်းဝန်း နိမိတ်ယူ၍ ပရိကံတည်ပုံမှ အစ ခပ်မြင့်မြင့် ဝေဖန် ပြောဆိုသွားရာ …

” နေပါဦး၊ အရှင်ဘုရား ခုနက ကွမ်းအစ်အကြောင်း အမိန့် ရှိသွားတယ်၊ ဟော့ဒီ ကွမ်းအစ်ထဲမှာ ကွမ်းရွက် ဘယ်နှစ်ရွက် ရှိတယ်ဆိုတာ သိချင်ပါတယ် ဘုရား ” ဟု ဦးကဝိက လျှောက်သည်။

” ဒီအထိတော့ အာရုံ မလိုက်နိုင်တော့ဘူး ” ဟု ဖြေကြားရာ ဦးကဝိက တိတိကျကျ ပြောလိုက်သည်။

တရားအားထုတ်နည်းကို မေးမြန်း၍ အစမှ အဆုံး အထိ ရှင်းပြ လိုက်ရာ ” အရှင်ဘုရား – အသက် ငယ်ပါသေးတယ်၊ ရှေ့ဆက်ပြီး ကြိုးစားပါဦး ” ဟု အပေါ်စီးမှ တိုက်တွန်းတော် မူသေး၏။

ဆက်လက်၍ ..
” တပည့်တော်တော့ သိက္ခာပါဒ စွဲကပ်နေလို့ ဒီအထိ အာရုံ မလိုက်နိုင်တော့ဘူး။ ဟိုတုန်းကတော့ တပည့်တော်ရယ်၊ ဦးဥတ္တမရယ်၊ သေက္ခုတောင် ဦးတိလောကရယ် သတ္တဝါတွေကို ကောင်းကင်ကနေပြီး တရားဟောနိုင်မှ ပြန်ကြွမယ် ဆိုပြီး တရားရှာ ထွက်ခဲ့ ကြတာကလား။ နောက်တော့ ဒုက္ခ အမျိုးမျိုးတွေနဲ့ တွေ့ကြုံကာ ကိစ္စမပြီးဘဲ ပြန်ဆုတ် ခဲ့ကြရတယ် ” ဟု အမိန့် ရှိလေသည်။ သူ့စကား၌ပင် အဖြေများလည်း ထွက်နေပြီး ဖြစ်၏။

အထက်ဖော်ပြပါ သုံးဦးတွင် ဦးဥတ္တမကား သေက္ခုတောင်မှ ခွဲထွက်ကာ စွန်းလွန်းသို့ လာရောက်၍ နည်းခံ အားထုတ် သွားဖူး၏။

ဦးဥတ္တမ လာရောက် အားထုတ်စဉ်က ရဟန်းတော်တွေထက် လူများက ပိုပြီး တရား ပေါက်လွယ်ပုံ၊ လူဒကာတွေထက် ဒကာမများက ပိုပြီး တရားရ လွယ်ပုံကို ” နွားထီးကြီးတွေက ချိုထောင်ထောင်နှင့် ကုန်းခေါင်ခေါင်မှာ လှည်းခွံချည်းတောင် မရုန်းနိုင် ကြဘူး။ ချိုမပါ ခွာသေး၊ ကိုယ်ကောင်သေးတဲ့ နွားမတွေက ကုန်အပြည့်နဲ့ ရုန်းနိုင်ကြတယ် ” ဟူသော အဓိပ္ပာယ်ဖြင့် စာချိုးဖူး၏။

မသိလျှင် ငြိမ်ငြိမ်နေ၊ သိအောင်လုပ်

၁၂၈၅ – ခုနစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့တွင် မောင်ရင်ပေါ်ချောက်ရှိ ယောဂီများနှင့် ကျောင်းများကို အတူနေ ဦးဝိဇယအား လွှဲအပ်ကာ ဆရာတော်သည် စွန်းလွန်းချောင်း ကမ်းဘေး ရှားပင်အောက်၌ ဝါးကွပ်ပျစ် တစ်ခုနှင့် သီတင်းသုံးတော် မူ၏။

ဦးဝိဇယ(ဦးကဝိ လူ့ဘဝက ရေနစ်၍ ကယ်ဖူးသူ ဦးရွှေလုပ်)၏ နှောင့်ယှက်မှုကြောင့် ရွှေ့ပြောင်းရခြင်း ဖြစ်ပါသည်။

နောင်တွင် ကျောင်းများ၊ ဂူများပါ ဒကာ ပေါ်လာ၍ ” စွန်းလွန်းဂူကျောင်း ” ဟု အမည်တွင်ကာ ယောဂီများ စည်ကားလာပြန်သည်။ (အမွှေဓာတ် ကပ်ပါ လာတတ်သည်ကို သတိပြုပါ။)

ယခုရှိသော ဦးစံဖေ၏ ဖခင်ကြီးက ရိပ်သာမြေ ဧက-၂၀ကို လှုဒါန်းသည်။ ယောဂီများလည်း တစ်နေ့တစ်ခြား စည်ကားလာ၏။

မြန်မာနိုင်ငံ၌ ရာသက်ပန် သီတင်းသုံးသွားသူ အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထလည်း မြန်မာနိုင်ငံ၌ ရဟန္တာများ ပေါ်ပေါက်သည့် သတင်းကို ကမ္ဘာလှည့်၍ ဟောကြားရေးသား၏။

မြင်းခြံသို့ သွားရောက်၍ ဆရာတော်အား သင်္ကန်း စသည်ဖြင့် ကန်တော့လျက် ကွယ်လွန်သူ မိဘနှစ်ပါးအား အထူးရည်စူး၍ အမျှ ပေးဝေခဲ့သည်။

” ပရိယတ္တိ တစ်ဖက်သတ် အစွဲသန်သူများက ” စာမတတ်တဲ့ တောထွက်ကြီး ” ဟု အထင်အမြင် သေးကြ၊ ငရဲ ကြီးကြသော်လည်း ယောနိသော မနသိကာရဖြင့် ရိုးသားဖြောင့်မတ်တော် မူကြသော ပရိယတ္တိအကျော် ဆရာတော်ကြီးများပင်လျှင် စာမတတ်သော တောထွက်ကြီးထံ၌ အလေးအမြတ် နည်းခံ၍ ကျင့်သုံးကြသည်။

၁၂၉၂ – ခုနှစ်၊ ဝါဆိုလပြည့် အဖိတ်နေ့တွင် ရဟန်းခံကိစ္စရှိ၍ ဆရာတော် တောင်သာမြို့သို့ ကြွစဉ် တောရ ဆောက်တည်လျှက်ရှိသော တောင်သာဆရာတော် ဦးအဂ္ဂဝံသသည် ဦးကဝိနှင့် တွေ့ဆုံ၍ အာလာပ၊ သလ္လာပ စကား ပြောကြား၏။

တောင်သာဆရာတော်သည် လူပြိန်းများအား ဟောပြောဆုံးမသည့်အတိုင်း တရားအားထုတ်ပုံ အစမှ အဆုံး ဟောပြောစေကာ တစ်ပါးတည်း ရိုသေစွာ နာယူလေသည်။ တောင်သာဆရာတော်ကား စာတတ်သည့် အရာ၌ တစ်နိုင်ငံလုံး ကျော်ကြားသည့် ဆရာတော် ဖြစ်သည့်အတိုင်း အဂ္ဂမဟာပဏ္ဏိတ ဘွဲ့တံဆိပ်တော်ရ(ထိုခေတ်က ထိုဘွဲ့ရသော ဆရာတော် အလွန် ရှားပါးလှ၏။) ဆရာတော်ကြီး တစ်ပါးတည်း။

” ဦးကဝိတို့ အားထုတ်တဲ့ လမ်းစဉ်က အကျဉ်းဆုံး အတိုဆုံး လမ်းပဲ၊ တပည့်တော်တို့လမ်းက ကျယ်လွန်းပြီး ပေါက်ရောက် နိုင်ခဲတယ်။ ” ဟု တောင်သာဆရာတော်က ဝန်ခံချီးကျူးကာ မိမိ၏ ဒကာ၊ ဒကာမ များကိုလည်း စာတတ်သော ဆရာတော်က အကျင့်တတ်သော တပည့်ထံမှ တရားယူရပုံ “”တိပိဋက မဟာနာဂထေရ် “ကြီးအကြောင်း ဟောပြောပြ၏။

ရဟန်းခံပွဲတွင် ဆရာတော်ဦးကဝိအား တရားဟော စေကာ ထပ်မံ နာယူသည်။ ပရိကံမှအစ အာနာပါန ရှုပွားပုံကို စာဖြင့် ရေးပေးရန်လည်း တောင်းပန်၍ ၁၂၉၂- ခုနစ် ဝါဆိုလပြည့်ကျော် လေးရက်နေ့တွင် ရေးပေး ခဲ့ရသည်။

” စက္ခု စသော တံခါးများမှ စောင့်၍ ဖြတ်ပါက ရနိုင်သော်လည်း ထိမှု၊ သိမှု၊ သတိပြုခြင်း အားဖြင့် ကာယတံခါးမှ စောင့်ဖြတ်ရသည်မှာ နာမရူပဉာဏ် အမြင် သန်လွယ်သည်။

ကာယတံခါး၌ ထိမှု ဖဿဖြစ်ရာ ဖဿကြောင့် ဝေဒနာဖြစ်၏။ ဝေဒနာမှ တဏှာဥပဒါန်ဘဝ စသည် မဖြစ်ရန် သတိနှင့် ဖြတ်ရသည်။ ဖြတ်လျှင် ” ဝေဒနာသညာ ” မဖြစ်မူ၍ ” ဝေဒနာပညာ ” ဖြစ်လာမည် စသည်ဖြင့် ပရိကံမှ မဂ်ဇော၊ ဖိုလ်ဇော ကျသည်အထိ ရေးသား ပေးပို့ လိုက်သည်။

ယင်းသို့လျှင် စာတတ်သည်၊ မတတ်သည်ကို ပမာဏ မပြုဘဲ အမှန်တကယ် ထိုးထွင်းသိမြင်သော ပညာကို လေးစားကာ တကယ့်ပရိယတ္တိ အကျော် ဆရာတော်ကြီးများပင် နည်းခံ၊ ကျင့်သုံး ကြလေ၏။

ပရိယတ္တိလည်း အဟုတ်မတတ်၊ မာနတံခွန် တလျှပ်လျှပ် လွှင့်သူများကား အခွင့်ကောင်းကြီးနှင့် လက်လွတ် ရရုံမျှသာမက ငရဲကြီး ရရှာကုန်၏။

တဖန် ဆရာတော်ကြီးအား ” ပရိယတ္တိ ပါရဂူ ” များကပင် ယင်းသို့ လေးစားကြသည်မှာ အရဟတ္တဖိုလ် ပညာနှင့် ပြည့်စုံခြင်း၊ ထိုးထွင်း မြင်နိုင်၊ ကြားနိုင်၊ သိနိုင်သော အသိဉာဏ်ဂုဏ်ထူး ပါရှိခြင်းတို့ကြောင့် ဖြစ်ရာ ထိုသို့ ပြည့်စုံအောင်ကား မကြိုးစား ကြမူ၍ မတောက်တစ်ခေါက် ရှုမှတ်နေသော အချို့ တောထွက် ရဟန်းယောဂီနှင့် အချို့ လူယောဂီ တို့က ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်များအား အထင်သေး ရှုတ်ချခြင်းဖြင့် ငရဲကြီးကြ ပြန်လေသည်။

စင်စစ် ပြည့်စုံသော အကြားအမြင်၊ အသိဉာဏ်အထူးနှင့် ပရိယတ္တိ အသိဉာဏ် အပိုဂုဏ်ထူး တစ်ခုခုမျှ မရှိပါဘဲ ရဟန္တာ ဖြစ်ကာမျှဖြင့်ပင် တစ်ပါးသူအား တရားပြပေးရန် မသင့်ချေ။ တိမ်းပါး လွဲချော်စရာတွေ များစွာ ရှိကုန်၏။

ထို့ကြောင့် အရာရာတွင် ယောနိသော မနသိကာရ၊ သတိသမ္ပဇညဖြင့် မဇ္ဈိမပငိ ပဒါကျအောင် ကျင့်ကြံ ကြကုန်ရာ၏။

စွန်းလွန်း ဆရာတော်ကြီးက…

” မသိလျှင် သိအောင်လုပ်၊
မသိဘဲနှင့် လက်ဆော့လျှင် ဆင်းရဲ တတ်သည်။
မသိဘဲနှင့် ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်။
မသိဘဲနှင့် စိတ်ဆော့လျှင် ဆင်းရဲတတ်သည်။

မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေ၍ သိအောင် ကြိုးစားလေ။ ” ဟု ဆုံးမတော် မူဖူးပါသည်။

ဓမ္မာစရိယ ဦးဋ္ဌေးလှိုင် ရေးသားပြုစုသည့် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ ကျမ်းမှ ပြန်လည်၍ ကူးယူ ပူဇော်ပါသည်။

(ယထာဘူတ လမ်းညွှန်-၂၁၆)

Credit : မူရင်းရေးသားသူ