အိမ်သုံးယုံမက စီးပွားဖြစ်ပါ လုပ်ရောင်းနိုင်တဲ့ သဘာဝ ခြင်နိုင်ဆေးရည် ပြုလုပ်နည်း

မင်္ဂလာပါ… သူငယ်ချင်း အိမ်မှာ ခြင်တွေ အရမ်းကိုက်တယ်ဆိုလို့ သူငယ်ချင်း အတွက်ရော လိုင်းပေါ်က မိတ်ဆွေတွေ အတွက်ပါ ပိုက်ဆံလည်းမကုန် ၊ ဘေးထွက်ဆိုးကျိုးလည်းမရှိပဲ ခြင်မလာအောင် ခြင်ကာကွယ်တဲ့ ဆေးနည်းကလေးပေးပါမယ်။

စပါးလင်အရွက် ၊ လေးညှင်းပွင့် ၊ သံပုရာသီး တို့ကို ရေမြုတ်အောင် ထည့်ပြီး ရေတဝက်ရောက်အောင် ပြုတ်ပေးပါ။ (အဖုံးအုပ်ပြီး ပြုတ်ပါ)

စပါးလင်အရွက်ဖားဖားတစ်ပင်၊ လေးညှင်းပွင့် ဆယ်ပွင့်၊ သံပုရာသီး ၃ လုံးနှုန်းသည် ရေ(ရေသန့်ဗူးတဗူးခွဲ) ထည့်ပြုတ်ပြီး အရည်တစ်လီတာနီးနီး အကျန် (ရေသန့်ဗူးတဗူး မပြည့်တပြည့်) ရေတဝက်ကျန်က ပိုကောင်းပါသည်။

ပြုတ်ပြီး အဖတ်တွေကို ခြင်တွေပေါက်နိုင်တဲ့ ရေဝပ်နေတတ်သော၊ နေရာမှောင်နေတတ်သောနေရာတွေကို ထားလိုက်ပါ။ ပြုတ်ပြီး အရည်များကို ခြင်ဆေးရေအဖြစ် ရေဖြန်းဗူးတွင် ထည့်ဖြန်းပါ။

တပတ်လောက်တော့ အထားခံပါသည်။ ရေရှည်အထားခံနည်း မသိပါ။ ပြုတ်ပြီးလျှင် အေးသွားပါက အရည်နှင့် အဖတ်များကို သီးခြားဖြစ်အောင် ထားပေးပါ။ တောရှောက်ခါးသီးနှင့် လုပ်ပါက အနံ့ ပိုကောင်းပါသည်။

မိမိအိမ် ပတ်ဝန်းကျင်နှင့် အိမ်အပြင်ဖက်တွင် ရေမြောင်းနှင့် အမှိုက်များကို ရှင်းလင်းပေးပါ။ မိမိ၏ လက်များနှင့်တကွ တကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ကြပါ။ ခြင်ကိုက်မခံပါနှင့်။ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ နေ့မှာအိပ်အိပ်၊ ညမှာအိပ်အိပ် ခြင်ထောင်နှင့်အိပ်ပါ။ နှာစေးချောင်းဆိုး မဖြစ်အောင် စပါးလင်နှင့် ဂျင်းပြုတ်ရေများ သောက်ပေးပါ။ (ထန်းလျက်/သကြား/ပျားရည်)တို့နှင့် တွဲသောက်နိုင်ပါသည်။

ကျွန်တော် လက်တွေ့လုပ်ကြည့်ပြီး ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်။ ထိုင်နေရင်း လက်နဲ့ဆုတ်ပက်လိုက်သလို ခြင်အုံခဲနေသော ခြင်တွေ ကျွန်တော့်အိမ်မှာ မဖြစ်တော့ပါ။

(တစ်ခါမှ ချီးမွန်းခန်း မဖွင့်တဲ့ မေမေကတောင် တယ်ဟုတ်ပါလားတဲ့)

Credit : လေးလေးဂျစ်တူး