အသက်ကြီးခြင်းကြောင့်ဖြစ်တတ်သည့်လက်ပြဿနာနှင့်ဖြေရှင်းနည်းများ

အင်္ကျီကြယ်သီးတပ်ဖို့၊ ပုလင်းအဖုံးဖွင့်ဖို့၊ ဖုန်းအသုံးပြုဖို့၊ ကားမောင်းဖို့ အစရှိတာတွေအတွက် သင့်လက်ကို အသုံးပြုရပါတယ်။ လက်မပါပဲ ဘယ်အရာကိုမှ လုပ်ဖို့ အဆင်မပြေပါဘူး။ဒါပေမယ့်အသက်ကြီးလာတဲ့အခါမှာ သင့်လက်တွေက အားပျော့သွားပြီး ကွေးနိုင်ဆန့်နိုင်အားလည်း လျော့နည်းသွားပါတယ်။

တစ်ချို့လက်ပြဿနာတွေက ကျန်းမာရေးမကောင်းတဲ့ လက္ခဏာတွေတောင် ပြသနိုင်ပါတယ်။ အောက်ပါတို့ဟာ အသက်ကြီးတာကြောင့် ဖြစ်တဲ့ လက်ပြဿနာနဲ့ ဖြေရှင်းနည်းတွေဖြစ်ပါတယ်။

၁။ ဆုပ်ညှစ်နိုင်အား

အသက်ကြီးလာတာနဲ့တစ်ပြိုင်နက် အထူးသဖြင့် ၆၅ နှစ်နောက်ပိုင်းမှာ လက်ဆုပ်ညှစ်နိုင်အားဟာ သဘာ၀အတိုင်း လျော့ကျသွားပါတယ်။ အရိုးကြွပ်တာ၊ အဆစ် ရောင်တာ ဒါမှမဟုတ် ကြွက်သား ဆုံးရှုံးသွားတာတွေကြောင့် ဆုပ်ညှစ်နိုင်အားက တဖြည်းဖြည်း လျော့နည်းသွားတတ်ပါတယ်။အကယ်၍ ရုတ်တရက် ဆုပ်ညှစ်နိုင်အား ကျဆင်းသွားခဲ့ရင် ဆီးချိုရောဂါ၊ နှလုံးရောဂါ ဒါမှမဟုတ် သွေးတိုးရောဂါလိုမျိုး ကျန်းမာရေးပြဿနာတွေရဲ့ လက်္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဖြေရှင်းနည်း-အိမ်မှာ လေ့ကျင့်ခန်းပြုလုပ်ပါ။ တင်းနစ်ဘောလုံးတစ်လုံးကို သုံးစက္ကန့်မှ ငါးစက္ကန့်အထိ ညှစ်ထားပြီးမှ ပြန်ဖြေလျှော့ပါ။လက်တစ်ဖက်စီအတွက် တစ်ကြိမ် လုပ်ရင် ၁၀ ခါ ပြုလုပ်ပေးပါ။ တစ်နေ့ တစ်ကြိမ်နှုန်း လုပ်နိုင်ပါတယ်။

၂။ လက်တုန်ခြင်း

သင့်လက်တွေက အသက်အရွယ်မရွေးတုန်နိုင်ပါတယ်။ အထူးသဖြင့် အသက် ၅၀ နောက်ပိုင်းမှာ အဖြစ်များတတ်ပါတယ်။ စိတ်ငြိမ်ဆေး၊ အတက်ကျဆေး ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်ခဲပျောက်ဆေးဝါးတွေကြောင့် အခြေအနေပိုမိုဆိုးရွားနိုင်ပါတယ်။ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးများတာ၊သွေးတွင်းသကြားဓာတ်လျော့နည်းတာ၊ မောပန်းနေတာ ဒါမှမဟုတ် ကဖင်းအသောက်များတာတွေကြောင့်လည်း လက်တုန် နိုင်ပါတယ်။သင့်လက်ကို အသုံးပြုနေစဉ်အတွင်း လက်တုန်တာကို Active Tremor လို့ ခေါ်ပြီး သင်နားနေစဉ်မှာ လက်တုန်တာကို Passive Tremor လို့ ခေါ်ပါတယ်။

ဖြေရှင်းနည်း-Active Tremor က များသောအားဖြင့် အန္တရာယ်မပေးနိုင်ပါဘူး။ စားသောက်မှုပုံစံနဲ့ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲရုံနဲ့ သက်သာနိုင်ပါတယ်။ဥပမာ ကဖင်းလျှော့သောက်တာလိုမျိုးပါ။ Passive Tremor ကတော့ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာရဲ့ လက္ခဏာ (ဥပမာ ဦးနှောက်ကင်ဆာ ဒါမှမဟုတ်
ပါကင်ဆန်ရောဂါ) တွေကြောင့်ပါ။ ဆရာ၀န်နဲ့ ပြသပြီး ကုသမှု ခံယူပါ။

၃။ အဆစ်ရောင်ခြင်း

အဆစ်ရောင်တာက အထူးသဖြင့် အရိုးကျိုးဖူးတာ၊ အက်ဖူးတာ၊ ဒဏ်ပိတာ ဖြစ်ဖူးတဲ့ အရိုးအဆစ်နေရာတွေမှာ ဖြစ်တတ်ပါတယ်။အသက်ကြီးလာတဲ့အခါမှာ ဒီ အဆစ်နေရာတွေကနေ နာကျင်တာ၊ ရောင်ရမ်းတာနဲ့ ရွေ့လျားမှုခက်ခဲတာတွေ ဖြစ်လာတတ်ပါတယ်။

ဖြေရှင်းနည်း-ဆရာ၀န်တွေက ရောင်ရမ်းမှုပျောက်ဆေးပေးတာ ဒါမှမဟုတ် အရိုးထဲ စတီးရွိုက်ဆေးထိုးတာတွေလိုမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

၄။ အရေပြားတွင် အစက်အပြောက်ပေါ်ခြင်း

နေရောင်နဲ့ နှစ်ပေါင်းများစွာ ထိတွေ့မှုကြောင့် အရေပြားပေါ်မှာ အစက်အ ပြောက်တွေ ပေါ်လာတတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရေပြားမှာ အရေးကြောင်းတွေ ပေါ်လာပြီး အစိုဓာတ်ထိန်းနိုင်စွမ်းတွေလည်း လျော့ကျလာတဲ့အတွက် အရေပြားယားယံတာနဲ့ ခြောက်သွေ့တာတွေ ဖြစ်လာတတ်ပါတယ်။ တစ်သျှူးတွေ၊ ကြွက်သားတွေ လျော့သွားတဲ့အတွက် သွေးပြန်ကြောတွေ ပေါ်လွင်ထင်ရှားနေတတ် ပါတယ်။

ဖြေရှင်းနည်း-သင့်လက်တွေကို နေရောင်ဒဏ်မှ ကာကွယ်ဖို့အတွက် SPF 30 ပါ၀င်တဲ့ Sunscreen လိမ်းပေးပါ။ ဥယျာဉ်ခြံစိုက်တာ ဒါမှမဟုတ် သန့်ရှင်းရေးတွေ ပြုလုပ်ချိန်မှာ လက်အိတ်ကို ၀တ်ထားပေးပါ။သင့်လက်တွေကို ဆပ်ပြာကြမ်းတွေနဲ့ မဆေးပါနဲ့။ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပြီး ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အိုမီဂါ ၃ အဆီများစွာ ပါ၀င်တဲ့ အစားအစာတွေ စားပေးပါ။

၅။ အရေပြားကင်ဆာ

သင့်လက်တွေက နေရောင်ဒဏ်ကို နှစ်ပေါင်းများစွာ တွေ့ထိမှုများတာကလည်း အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။ အသားဖြူသူ၊ ခုခံအားစနစ် လျော့ကျသူ၊ မှဲ့ပေါများသူနဲ့ မိသားစုမှာ အရေပြားကင်ဆာမျိုးရိုးရှိသူတွေက ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဖြေရှင်းနည်း-အရေပြားအထူးကုဆရာ၀န်နဲ့ ပြသပါ။ သူ့အနေနဲ့ မသင်္ကာဖွယ်ရာ လက္ခဏာတွေကို စစ်ဆေးပေးနိုင်ပါတယ်။ အရေပြားကင်ဆာရှိနေရင် ခွဲစိတ်ကုသမှု ခံယူတာ၊ ဓာတ်ကင်တာ ဒါမှမဟုတ် ကင်ဆာဆေးဝါးကုထုံး ခံယူတာတွေ ပြုလုပ်ပေး ရပါမယ်။

၆။ အညိုအမည်းစွဲခြင်း

အသက်ကြီးလာရင် အနည်းငယ် ထိမိခိုက်မိရုံနဲ့ လက်မှာ အညိုအမည်းစွဲနိုင်ပါတယ်။ များသောအားဖြင့် အရေပြားပါးသူ၊ အရေးကြောင်းထင်နေသူ ဒါမှမဟုတ် နေရောင်ကြောင့် ပျက်စီးခံထားရတဲ့ အရေပြားရှိသူတွေမှာ အဖြစ်များပါတယ်။ အက်စပရင်ဆေးဝါး၊ သွေးကျဲဆေးသောက်သူ ဒါမှမဟုတ် မကြာခဏ အရက်သောက်သူတွေမှာလည်း အညိုအမည်းစွဲလွယ်ပါတယ်။

ဖြေရှင်းနည်း-သင့်မှာ အထက်ပါ ပြဿနာတွေရှိနေရင် သင့်လက်ကို အကာအကွယ်ထားပါ။ အရေပြားလိမ်းဆေးခရင်မ်တွေကို အသုံးပြုနိုင်ပါတယ်။သင်ဟာ သွေးကျဲဆေးသောက်သူဖြစ်ပြီး အဲဒါကြောင့် အညိုအမည်းစွဲတယ်လို့ ထင်ရင် ဆရာ၀န်ကို ပြောပြပါ။

၇။ Dupuytren’s Contracture

သင့်လက်ရဲ့ အရေပြားအောက်က တစ်သျှူးတွေ ထူထပ်လာတဲ့အခါမှာ သင့်လက်ချောင်း (အထူးသဖြင့် လက်သူကြွယ်နဲ့ လက်သန်း)က လက်ဖဝါးဘက်ကို ကွေးလာတဲ့အခြေအနေကို Dupuyren’s Contracture လို့ခေါ်ပါတယ်။ သင့်လက် ဖဝါးမှာ အဖုအကျိတ်လေးတွေ ရှိတာ ဒါမှမဟုတ် ကြိုးချောင်းလေးလိုမျိုး
ထူနေတာကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ လက်ဆစ်ထိပ် ဒါမှမဟုတ် ခြေဖဝါး နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်သလဲဆိုတာ အခုထိမသိသေးပေမယ့် အသက် ၄၀ ကျော်အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

ဖြေရှင်းနည်း-ပြဿနာကြီးကြီးမားမား မဖြစ်တာမို့ ဒီအုတိင်းပဲ စောင့်ကြည့်ပါ။ အကယ်၍ ဆိုးဆိုးရွားရွား နာကျင်တာတွေ ဖြစ်လာခဲ့ရင် အပ်စိုက်ကုထုံး ဒါမှမဟုတ် ခွဲစိတ်ကုသမှု ခံယူတာတွေ ပြုလုပ်ရပါမယ်။ ကုသမှုခံယူတိုင်းလည်း လုံးဝပျောက်ကင်း သွားတာမဟုတ်ဘဲ မကြာခဏပြန်လည်ဖြစ်ပေါ်နိုင်ပါတယ်။

အားလုံးကျန်မာသန်စွမ်းကြပါစေ။

#credit-ဒေါက်တာခင်မိုးမိုး

#Wunyan