လက်တွေ့ ဒူးနာပျောက်ဆေး

အမျိုးသမီးများ အသက် လေးဆယ်ကျော်၊ ငါးဆယ် ဆိုလျှင် ဒူးနာရောဂါက ပေါ်လာတတ်ပါသည်။ တစ်ချို့ကတော့ အသက် ခြောက်ဆယ်၊ ခုနှစ်ဆယ် ဝန်းကျင်မှာ ဖြစ်တတ်ပါသည်။ ဝ သော အမျိုးသမီးများဖို့ ပိုဆိုးပါသည်။ အပေါ်ပိုင်း ဝိတ်က ကြီးသည့်အတွက် ဒူးက ခံနိုင်ရည် မရှိပါ။ အသက်အရွယ် ကြီးရင့်လာသောအခါ ဒူးက အဆီခမ်းသည် ဟူ၍လည်း ပြောကြပါသည်။

ကျွန်မကတော့ သိပ်မဝသော်ငြားလည်း အသက် ခြောက်ဆယ်ဝန်းကျင်အရွယ်ကတည်းက ဒူး နာလာပါသည်။ အင်္ဂလိပ်ဆေးများ အမျိုးမျိုး သောက်ကြည့်သော်လည်း သက်သာလာခြင်း မရှိပေ။ သမားတော်က ပေးသည့် ဆေးများသည်လည်း သက်သာရုံသာရှိသည်။ အရှင်းမပျောက်။

ကျွန်မက ဗမာ လိမ္မော်သီး အခွံကို ဒူးမှာ အရည် ညှစ်ချခြင်းဖြင့် လက်တွေ့ ရောဂါ ပျောက်ခဲ့ပါသည်။ လိမ္မော်သီး၏ အသားကို ဆိုလိုခြင်း မဟုတ်။ လိမ္မော်သီး အသားကိုတော့ဖြင့် စားချင်လိုသူတိုင်း စားပါစေလေ။ လိမ္မော်ခွံကို လက်ဖြင့် နာနာ ညှစ်ချလိုက်ပါက အရည်လေးတွေ ပန်းထွက်လာပါသည်။ ဒူးပေါ်ကို အမှေးလေးတွေသာ ညှစ်ချပါ။ တစ်နေ့ ၂ခါ၊ ၃ခါ ညှစ်ချလိုက်ပါ။ ၃၊ ၄ ရက်ဆို သိသာလာပါလိမ့်မည်။

ကျွန်မ ထိုနည်းလမ်းကို မွတ်စလင် အမျိုးသမီးတစ်ဦးအား ပြောပြလေရာ သူက တကယ် လိုက်လုပ်သဖြင့် လုံးဝ သက်သာ ပျောက်ကင်းသွားလေသည်။ သူက ကျွန်မကို ကျေးဇူးတင်သောကြောင့် ဘုရားရှိခိုးသည့် အခါတွင်ပင် ကျွန်မအတွက် ထည့်ပြီး ဆုတောင်းပေးသည်အထိပင်။ သို့ရာတွင် ကျွန်မ အဒေါ် တစ်ယောက်အား ဤနည်းလမ်းကို ပြောပြလေရာ ကျွန်မအား လှောင်ပြောင်လေသည်။

“ညည်းဆေးကလည်း ကြေးမစားတာ” ဟူ၍ ရယ်မောကာ ပြောလျက် ရယ်စရာ လုပ်ပစ်လိုက်ပါသည်။

“ကျွန်မ စာဖတ်ပရိသတ်များ ဒီနည်းလမ်းကို လက်တွေ့ စမ်းကြည့်ကြပါ။ ဆိုပေမဲ့ လိမ္မော်သီးက ဗမာ လိမ္မော်သီးမှ ရတာနော်။ ပျားလိမ္မော်တို့ ဘာတို့ဆိုရင် အခွံညှစ်လည်း ဘာအရည်မှ ရမှာ မဟုတ်လို့ မပျောက်ပါဘူးနော်။ အားလုံးပဲ ကျန်းမာကြပါစေ”

ရွှေဘိုသီရိမာလာ