ကိုယ်တွေ့ ဖြစ်ပျက် ကြုံတွေ့ခဲ့သော ကြက်သွန်နီ ရဲ့ အာနိသင်နှင့် ကောင်းကျိုးအချို့

လွန်ခဲ့သော ငါးရက်ကဖြစ်သည်။ 2021,July,11 ရက်။ နေ့စဉ် လုပ်နေကျ မနက် ငါးသုံးလုံး (5:55AM) အချိန် နှိုးစက်ကလေးရဲ့ သတိပေးချက်နဲ့အတူ အိပ်ရာမှ ထ, ရေအိမ်ဝင် ဗုံးကျဲ၊ မျက်နှာသစ်, သွားတိုက် ၊ ရေတော်လဲ, ဘုရားရှိခိုး, ပုတီးစိပ် ကိစ္စဝိစ္စ တွေ ပြီးလို့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နေတုန်း မိနစ် နှစ်ဆယ်ခန့်လောက်မှာ ကိုယ့်ကိုကိုယ် သတိထားမိ လိုက်တာက မောလာတယ်။

အရင်ကဆို ပုံမှန်လုပ်နေကျ တစ်နာရီ, တစ်နာရီခွဲလောက် ကောင်းကောင်းလုပ်နိုင်ခဲ့တာ၊ ငါ ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့်။ ဒါနဲ့ ခန္ဓာကိုယ် အကြောလျှော့ပြီး လေ့ကျင့်ခန်းကို အပြီးသတ်လိုက်၊ ခဏနားပြီး ရေချိုး, မနက်စာ စား၊ တအောင့်နားလိုက်သေးတယ်။

အချိန်အားဖြင့် မနက် (၁၀:၃၀) လောက်မှာ အိမ်မှာနေရင်း အားရှိအောင်ဆိုပြီး ကြက်သားနဲ့၊ ဂျင်း၊ မုန်လာဥ ဖြူရယ် အနီရယ် ပြုတ်ပြီး သောက်ကြမယ်။ မိန်းမက မုန်လာဥတွေ အခွံနွှာ၊ အတုန်းလေးတွေ လုပ်ကူပါဦး ဆိုတော့ ငါ ဒီနေ့ ဘာဖြစ်တာလဲ မသိဘူးကွာ အသက်ရှူ ကျပ်နေတယ် ဆိုပြီး အခန်းထဲမယ် သွားနားနေခိုက် အသက်ရှူရတာ ပိုခက်လာတော့ မိန်းမက ကြက်သွန် ဥ နီကြီး တစ်လုံး အခွံခွါပြီး ယူလာကျွေးတယ်။

ဘယ်လိုစားရမှာလဲ ဆိုတော့ ဝါးလိုက်၊ မျိုမချနဲ့ဦး ကြေအောင်ဝါး ၊ ပါးစပ်ကို မဖွင့်ဘဲ ပါးစပ် Lockdown ချပြီး ဝါး၊ ပါးစပ်ထဲမယ် ပြည့်ပြီး မွန်ထူနေတဲ့ အငွေ့တွေကို အဆုပ်ထဲထိ ရောက်အောင် ရှူသွင်း၊ ပြီးရင် နှာခေါင်းကနေ ပြန်မှုတ်ထုတ်လိုက်တဲ့။

စဉ်းစားကြည့်ဗျာ ပုံမှန် ဟင်းချက်ဖို့ ကြက်သွန်နွှာ ပါးပါး လှီးနေရင်တောင်မှ မျက်ရည်တွေ တောက်တောက်ကျတာ။ အဲ့ဒီအချိန် လူက ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ဘာပြောကောင်းမလဲ ပါးစပ်ထဲက စပ်၊ နားထင်နှစ်ဘက်လုံး ပူထူပြီး အဘထ နှာဘူးဆေး ရှူလိုက်ရသလို နားထင်တွေထိ ဆူးတက်လာပြီး နှာရည်တွေ၊ ဇောချွေးတွေ ထွက်လာလိုက်တာ။

မျက်စိထဲမယ် မြင်ယောင်ကြည့်ကျိ၊ ဟို ဗျာ … ကျပ် မပြည့်တဲ့လူ ကျနေတာပဲ။ အဲ့ဒီ ကြက်သွန်နီ ဝါးပြီးတာနဲ့ စပ်ပါတယ်ဆိုကာမှ ရေ တန်းမတိုက်ဘူးဗျာ၊ ဆယ်မိနစ်နေမှ ရေ သောက်ရမယ်တဲ့။ ရေတောင် မသောက်ရသေးဘူး, တအောင့်ကြာတော့ ပါးစပ်ထဲက ချွဲတွေ, သလိပ်တွေ ထွက်လာတော့တာပဲ။

အဲ့… ပြီးတော့မှ ငါးကျင်းဖန်ခွက်နဲ့ ရေအပြည့်တစ်ခွက် သောက်ရတယ်။ သိပ်မကြာခင်မှာပဲ ပုံမှန် အသက်ရှူလို့ ရသွားတော့တာပဲ။

ဪ… ကြက်သွန်နီကို အခွံနွှာပြီး (လုံးဝ, လုံးဝ) ရေ မစိမ်ရဘူးနော်။ အခွံခွါပြီးပြီးချင်း ပါးစပ်ထဲထည့်ပြီး တန်းဝါးရမှာ။ အလုံးကြီးလို့ ဝါးရခက်ရင် နှစ်ခြမ်း(ဝါ) လေးစိပ်,စိပ်ပြီး လေးခါခွဲပြီး ဝါးပေါ့ဗျာ။ အလုံး အရွယ်အစားကတော့ ပုံထဲက size လောက်ပေါ့။ ဖြစ်နိုင်ရင် မနက်တစ်လုံး၊ ညနေ တစ်လုံး။ ကျနော်ကတော့ ဒီနေ့ဆို (၅)ရက်မြောက် ဝါးပြီးသွားခဲ့ပြီ။ ရှေ့ နှစ်ရက်၊ သုံးရက်လောက်ကတော့ အိပ်ရာထဲ လှဲနေမှ နေသာခဲ့တာ၊ အခုတော့ ပုံမှန်လို ပြန်ကောင်းသွားခဲ့ပါပြီ…

မှတ်ချက်။ ။ အပြင်ထွက်ပြီး Test Check ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် အဲ့ဒီရောဂါလို့ ခေါင်းစဉ် မတပ်ရက်ပါ။ မထင်မှတ်ဘဲ အသက်ရှူရတာ ပုံမှန်မဟုတ်ခဲ့ရင် အသုံးပြုလို့ရတဲ့ အတွက် ကိုယ်တွေ့ကြုံခဲ့ရသည်ကို ပြန်လည် မျှဝေခြင်းသာ။

မိတ်ဆွေတို့လည်း ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ကြပါလို့။

Win Tun Tun Aung