နဂါးမောက်သီးနှင့် သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာရောဂါများ အာဟာရဆိုင်ရာ သိကောင်းစရာ

ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှုရှိတဲ့ အရောင်နဲ့ စားချင်စဖွယ်ဖြစ်နေတာ နဂါးမောက်သီးပါ။ သူ့ရာသီရောက်လာလို့ ဟိုနားဒီနား သစ်သီးကားလေးတွေမှာ နဂါးမောက်သီးကို တွေ့ရနေပါပြီ။ နဂါးမောက်စားချင်သူ လူနာတွေကလည်း တဂျီဂျီ မေးနေကြပါပြီ။ ဒီတော့ ဝယ်စားဖို့ ဟန်မပြင်ခင် ကိုယ့်အတွက် အကျိုးရှိရှိ စားနိုင်ဖို့ နဂါးမောက်သီးအကြောင်းကို ဒီနေ့ အာဟာရစကားဝိုင်းမှာ ဆွေးနွေးကြရအောင်နော်။

နဂါးမောက်သီး (DragonFruit) – ၁၀၀ ဂရမ် အလေးချိန်ရှိ အရွယ်တော် တစ်လုံးမှာ ကယ်လိုရီ ၆၀ kcal ၊ ကစီဓာတ် (carbohydrate)၁၃ ဂရမ်၊ အသားဓာတ် ၁.၂ ဂရမ်၊ အဆီဓာတ် ၀ ဂရမ် နဲ့ အမျှင်ဓာတ် ၃ ဂရမ် ပါဝင်ပါတယ်။ အဆီဓာတ် လုံးဝမပါတဲ့အတွက် ကိုယ် အလေးချိန်ချနေတဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်။ မက်ဂနီဆီယမ်ဓာတ် နဲ့ အမျှင်ဓာတ် များများပါဝင်ပြီး ဗီတာမင်စီ တော့ အနည်းငယ်သာပါဝင်ပါတယ်။

နဂါးမောက်သီးစားခြင်းဟာ (၁) သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောအဆီကို ကျစေ (၂) ဦးနှောက် နဲ့ နှလုံးကျန်းမာရေးကို အထောက်အကူပြု (၃) ကင်ဆာကာကွယ် (၄) သွေးတွင်းအင်ဆူလင်ဓာတ်ကို ထိန်းညှိပေးနိုင်ကြောင်း သုတေသန တွေ အရသိရှိရပါတယ်။

“နဂါးမောက်သီး နှင့် ဆီးချိုရောဂါ”

နဂါးမောက်သီး အသားနဲ့ အစေ့ဟာ သွေးတွင်းအချိုဓာတ်ကို ချတဲ့နေရာမှာ ဆေးအဖြစ်တောင် သုံးကြပါတယ်။ နဂါးမောက်သီးကို ဆီးချိုရောဂါမရှိသူတွေမှာ ကာကွယ်ဖို့အတွက် စားပေးလို့ရပါတယ်။
– တစ်နေ့ကို တစ်ခါစားစာ = တစ်ခြမ်း တစ်ပတ်ကို ၂-၃ ကြိမ်
– သကြားမဖြူးပဲ စားပါ။
– ထမင်းနဲ့ အချိန်ခွာစားပါ။ (ညပိုင်းစားလို့လည်း ရပါတယ်)
– ဖျော်ရည်ထက် အသီးအတိုင်း စားတာပျိုကာင်းပါတယ်။

“နဂါးမောက်သီး နှင့် ကျောက်ကပ်ရောဂါ”

နဂါးမောက်သီးမှာ ပိုတက်ဆီယမ် အသင့်အတင့်ပဲပါတဲ့အတွက် ကျောက်ကပ်လူနာတွေ စားလို့ရပါတယ်။ သွေးတွင်းက အဆိပ်ဓာတ်တွေ ဖယ်ရှားပေးပြီး စိတ်ဖိစီးမှုကို လျော့နည်းစေတာမို့ တစ်ပတ်ကို ၂ ကြိမ် တစ်ခါစားရင် အရွယ်တော် တစ်ခြမ်း စားပေးလို့ရပါတယ်။

“နဂါးမောက်သီး နဲ့ သွေးတိုး”

နဂါးမောက်သီးဟာ အမျှင်ဓာတ်များလို့ သွေးတိုးကိုကျစေပြီး ဝမ်းမှန်စေပါတယ်။ တစ်နေ့ကို တစ်လုံး တစ်ပတ် ၃ ကြိမ်စားလို့ရပါတယ်။

“နဂါးမောက်သီး နှင့် ကင်ဆာ”

နဂါးမောက်သီးမှာ Betalains လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်ပါတာကြောင့် ဆဲလ်ပျက်စီးမှုနဲ့ ဓာတ်တိုးမှုကို သိသိသာသာလျှော့ချပေးပြီး ကင်ဆာဆဲလ်တွေလည်း သေစေပါတယ်။ ဒါကြောင့် ကင်ဆာဆေါ်သွင်းနေတဲ့ လူနာတွေမှာ နဂါးမောက်သီးကို ဖျော်ရည်လို အသီးလို စားပေးသင့်ပါတယ်။

တန်ဆေးလွန်ဘေးမို့ အာဟာရမျှတအောင် စားပေးဖို့လည်း မမေ့ပါနဲ့နော်။ အစာလည်းဆေး ဆေးလည်းအစာဖြစ်လို့ အားလုံးကျန်းမာနိုင်ကြပါစေ။

မေတ္တာဖြင့်
Dr. ဆုမြတ်သဇင်
အာဟာရအထူးပြု ဆရာဝန်