ပျားရည်နှင့် သံပုရာသီးတို့ သောက်သုံးခြင်းမှ ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ပျားရည်နှင့် သံပုရာသီးကို ရေခပ်နွေးနွေးလေးနဲ့ (သို့) ရေခပ်အေးအေးလေးနဲ့ မနက်ခင်းတစ်ခွက်လောက်သောက်မယ်ဆိုရင်တော့ အောက်ပါအကျိုးကျေးဇူး (၇) ချက်ကို ရရှိနိုင်ပါတယ်ရှင်

(၁) အစာကြေလွယ်ခြင်း

နေ့စဉ် ပျားသံပုရာရည်ကို သောက်သုံးခြင်းဟာ အစာချေဖျက်ခြင်းလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။ ပျားသံပုရာရည်ကဆိုရင် အစာအိမ်မှ အက်ဆစ်ရည်နဲ့ သည်းခြေရည်တို့ကို ပိုမိုထုတ်လုပ်ပေးတဲ့အတွက် အစာခြေဖျက်ခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို လျင်မြန်စွာ ရရှိစေပါတယ်။ ပျားသံပုရာရည်က ဝမ်းမှန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

(၂) ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း

လေထုထဲရှိ အညစ်အကြေးများ၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ၊ စားသောက်နေထိုင်ပုံစနစ်များကြောင့် လူ့ခန္ဓာကိုယ်မှာ မမြင်နိုင်တဲ့ အဆိပ်အတောက်များ ရှိနေပါတယ်။ ပျားရည်နဲ့ သံပုရာရည်ကို ရေနွေးနွေးလေးနဲ့ သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် အသည်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း၊ အရေပြားတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းမှ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

(၃) အသားအရည်ကို ကြည်လင်တောက်ပစေခြင်း

ပျားသံပုရာရည် နွေးနွေးလေးကို သောက်သုံးခြင်းက အသားအရည်ကို ကြည်လင်ဝင်းပစေရုံသာမက ဝက်ခြံထွက်ခြင်း၊ အဖုအပိန့်ထွက်ခြင်းတို့ကို သက်သာစေပါတယ်။ သံပုရာသီးကဆိုရင် အသားအရည်အတွင်းအပြင်ရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်ပြီး သံပုရာရည်မှ ရရှိနိုင်တဲ့ citric acid က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့က သံပုရာသီးကို အရေပြားပေါ်မှာတိုက်ရိုက်လိမ်းခြင်းကို ပြုလုပ်လေ့ရှိကြပြီး ထိုကဲ့သို့ပြုလုပ်ခြင်းက တစ်ချို့သော အသားအရည်တိုင်းအတွက် အဆင်မပြေပါ။ ဒါပေမဲ့ ရေနွေးလေးနဲ့ ပျားသံပုရာရည်ကို သောက်သုံးခြင်းကတော့ အန္တရာယ်မရှိဘဲ အသားအရည်အတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။

(၄) ကိုယ်ခံအားကောင်းမွန်စေခြင်း

ပျားရည်မှာဆိုရင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ခြင်း၊ ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်ခြင်း၊ ဘတ်တီးရီးယားများကို ကာကွယ်ပေးတဲ့ အစွမ်းတွေရှိတဲ့အတွက် အဖျားနဲ့ တုပ်ကွေးများကို ကာကွယ်ပေးနိုင်တဲ့အပြင် allergies ဖြစ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကို ကောင်းမွန်စေတဲ့အတွက် ဖျားနာခြင်း၊ ရောဂါကူးစက်ခြင်းဖြစ်ပါက မြန်ဆန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။

(၅) အဆီများကိုလျော့ကျစေခြင်း

နေ့စဉ်နံနက်တိုင်း ပျားသံပုရာရည်ကို ရေနွေးပူပူလေးနဲ့သောက်သုံးခြင်းဟာ ဝမ်းမှန်စေပြီး ကိုယ်ခန္ဓာအဆိပ်အတောက်များကိုကင်းစင်စေရုံသာမကပဲ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီပိုများကိုပါ လျော့ကျစေပါတယ်။ အဆီပိုတွေကို လောင်ကျွမ်းစေတဲ့အတွက်ကြောင့် တစ်နေ့လုံး ပေါ့ပါးလွတ်လပ်နေပြီး ကျန်းမာစေပါတယ်။

(၆) လည်ချောင်းနာခြင်းကို ကာကွယ်ပေးခြင်း

သံပုရာသီးက လည်ချောင်းထဲရှိ ချွဲ၊ သလိပ်များကို ကင်းစင်စေပြီး လည်ချောင်းတွင်းရှိ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်များကို ဖယ်ရှားပေးတဲ့အတွက် လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းတို့ကို ကာကွယ်ကုသပေးနိုင်ပါတယ်။ ချောင်းဆိုနေပါက ပျားသံပုရာရည်နွေးနွေးလေးကို ဂျင်းလေးထည့်ပြီး သောက်ပါကလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၇) အားအင်တိုးစေခြင်း

ပျားရည်မှာ ဘတ်တီးရီးယားများကို ပိုးသတ်နိုင်တဲ့ အစွမ်းရှိတဲ့အပြင် အားအင်လည်းတိုးစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါကြောင့် ဝိတ်ချတဲ့အချိန်တွေမှာ သကြားနှင့် သကြားအစားထိုး အချိုဓါတ်အစား ပျားရည်သောက်သုံးခြင်းက အားအင်ကို ပြည့်ဝစေပြီး အကျိုးအာနိသင်ပိုရှိစေပါတယ်။

Credit : Original Writer