သူစိမ်းတွေ အလယ်မှာပဲ ပျော်ပါတယ် အမေ

“နင့်သောက်မျိုးတွေကို ယူပေးမိလို့ အဲ့လိုဖြစ်ရတာ ၊ ပေးနိုင်တာ မဟုတ်ဘဲ လာဒုက္ခပေးတဲ့ သေနာကျ မိသားစု”

ရင်ထဲမှာ မီးစနဲ့အထိုးခံရသလိုပဲ။ မျက်ရည်တွေ
က အလိုလိုဝဲတက်လာမိတာ။ မမက ကျနော့်လက်ကိုဆွဲပြီး နောက်ကြောင်းကို ပြန်လှည့်တယ်။ မမ လက်တွေ တဆတ်ဆတ်တုန်နေတာ ကျနော်သတိထားမိတယ်။ မမလို့ ကျနော် ငိုသံကြီးနဲ့ခေါ်တော့ မမဆီက ဘာသံမှမကြားရဘူး။

ညဘက်ဆို အစ်ကိုဝမ်းကွဲတွေအိမ်ကို တီဗွီသွားကြည့်နေကျ။ ကျနော်တို့အိမ်မှာက တီဗွီမပြောနဲ့ ကတ်ဆက်တောင် ကောင်းကောင်းရှိတာ မဟုတ်ဘူး။မောင်နှမနှစ်ယောက် တီဗွီမကြည့်တော့ဘဲ သူတို့အိမ်ရှေ့ကနေ ပြန်လှည့်လာပြီး အိမ်နားရောက်တော့ မျက်ရည်တွေ သုတ်ပစ်ပြီးမှ အိမ်ထဲ ဝင်ခဲ့တယ်။ အမေ့ကိုပြောပြရင် အမေဝမ်းနည်းမယ် မပြောကြေးနော်လို့ ကတိပါပြုကြသေးတယ်။

သဘက်ခါဆို အစိုးရစက်ဘီးလေးထုတ်တဲ့ငွေ အရစ်ကျ သွင်းရမယ့်နေ့။ အိမ်မှာက အစိုးရဝန်ထမ်း မရှိတော့ အစ်ကိုဝမ်းကွဲနာမည်နဲ့ ထုတ်ယူပေးဖို့ အဖေက တောင်းဆိုခဲ့တာ။ စက်ဘီးတွေ ခေတ်စားလို့တောင် ခေတ်ကုန်တော့မယ့်ကာလမှာ ကျနော်တို့မှာ စက်ဘီလေးအပိုင်တောင် မရှိဘူး။ အဲ့ဒီတုန်းကလည်း အမျိုးတွေက ထုတ်မပေးဖို့ အစ်ကိုဝမ်းကွဲကို တားကြတယ်တဲ့။ ကျနော်တို့ အခြေအနေနဲ့ လတိုင်းပေးနိုင်မှာ မဟုတ်ဘူးတဲ့။

တစ်ချက်ချက်မြည်နေတဲ့ နာရီအစုတ်အဝိုင်းလေးကိုကြည့်မိတော့ ညဆယ့်နှစ်နာရီထိုးပြီ။ ဖယောင်းတိုင်ကိုထွန်းပြီး အမေကတော့ စျေးထဲက အဝတ်တွေကို လက်ချုပ်လိုက်တုန်းပဲ။ ”မမ” လို့ ဘေးက အိပ်နေတဲ့ မမကို တိုးတိုးခေါ်ကြည့်တော့။ ငါမအိပ်သေးဘူးလို့ဖြေတယ်။

နောက်နေ့ကျ ကျနော်နဲ့မမ ကျောင်းမှာ မုန့်ဝယ်မစားဘဲ စုထားတဲ့ မုန့်ဖိုးလေးတွေ ရေကြည့်တော့ ရှစ်ရာပဲ ရှိတယ်။ သုံးလလောက် စုထားတာတောင် ဒီလောက်ပဲရတယ်နော်လို့ ဝမ်းနည်းသံနဲ့ပြောတော့ မမက ”အေးဟာ” ဆိုပြီး ခေါင်းငုံ့သွားတယ်။

ကျနော်နဲ့မမ ခေါင်းရင်းက အဖေခူးပေးလိုက်တဲ့ ခရမ်းသီးတွဲလေးကိုဆွဲပြီး စက်ဘီးလေးနဲ့ ဦးလေးတွေနေတဲ့ လမ်းထဲကို လာပို့ကြတော့ ညနေတောင် စောင်းလုပြီ။ သူတို့အိမ်ရှေ့ရောက်လို့ စက်ဘီးလေးရပ်တော့ ဦးလေးမိန်းမက အိမ်ပေါက်ဝကနေ လှမ်းပြောတယ်။

“နင့်အမေ စျေးရောင်းက ပြန်မလာသေးဘူးလား၊ မောင်ဝင်းကို ပေးရမယ့် စက်ဘီးဖိုးရော သွင်းပြီးကြပြီလား ၊ နင့်တို့အမေ အဖေတွေက ဆန်မရှိ သောက်စားကြီးတွေ လုပ်နေကြတာ ၊ ခုစက်ဘီးရတော့ရော နင်တို့ ဘာတိုးတက်တုန်း”

မမက ခရမ်းသီးတွဲလေးဆွဲပြီး “အဖေ ပို့ခိုင်းလိုက်တာ ကြီးကြီး” လို့ပြောပြီးပေးတော့ ခရမ်းသီးယူပြီး အိမ်ထဲ တန်းဝင်သွားတယ်။

မမက အိမ်ရှေ့မှာဆော့နေတဲ့ တူမဝမ်းကွဲလေးပါးကို ဖွဖွလေးနမ်းပြီး “ပြန်မယ်မောင်လေး” ဆိုပြီး ပြန်ဖို့လုပ်ကြတယ်။ စက်ဘီးကို တွန်းထွက်တော့ နောက်ကနေ ဦးလေးအသံ ခပ်သဲ့သဲ့ ကြားလိုက်မိသေးတယ်။

“လက်မှာ ဖုန်တွေပေနေရင် ကလေးကို မနမ်းနဲ့နော်”

ကျနော်တို့ အိမ်ပြန်ရောက်တော့ မိုးချုပ်ပြီ။ အမေစျေးရောင်းက ပြန်မလာသေးဘူး။ အဖေ့ကို ပြောပြီး မမနဲ့ကျနော် သံဓာတ်မီးလေးယူပြီး လမ်းထိပ်အစွန်ထိ အမေ့ကို သွားကြိုကြတယ်။ လဆန်းရက်ဆိုတော့ လရောင်လေးက နည်းနည်းဖြာစပြုနေပြီ။

လယ်ကန်သင်းတွေဘက်ကို လမ်းထိပ်ကုန်းကမူက တက်ကြည့်တော့ ခံတောင်းလေးတစ်လုံးရွက်ပြီး လူတစ်ယောက် လျှောက်လာတာ လှမ်းမြင်ရတယ်။

“အမေလား” လို့ မမက လှမ်းအော်မေးတော့။

“အေး သမီးတို့ လာကြိုကြတာလား” ဆိုပြီး ခပ်ဝေးဝေးက ပြန်အော်မေးတယ်။ ကျနော်က ဓာတ်မီးအလင်းကြောင်းကို ဓားလိုလုပ်ပြီး ဆော့လိုက်လို့။

အမေပြန်ရောက်မှ ချက်ပြုတ်ပြီး ကျနော်တို့ ထမင်းစားကြတော့ ညရှစ်နာရီလောက်ရှိပြီ။ အမေလယ်ထဲက ခူးလာတဲ့ ကန်စွန်းနဲ့ ကနဖော့ကို ရေနွေးဖျောပြီး ငပိရည်နဲ့စားရတာ ဗိုက်ကိုကားရောပဲ။အငယ်ကောင်လေးက ညနေထဲက ရှိတာနဲ့စားနှင့်ပြီးပြီ။ ကျနော်တို့ ထမင်းဝတော့ အငယ်ကောင်က အစ်ကိုဝမ်းကွဲ အိမ်ကနေ တီဗွီကြည့်ပြီး ပြန်လာပြီ။

လက်ထဲက မြေပဲပြုတ်ထုပ်ကိုပြပြီး ငယ်ငယ် ပေးလိုက်တာလို့ ပြောတယ်။ ငယ်ငယ်ဆိုတာ အစ်ကိုဝမ်းကွဲမိန်းမ။ အသက်လေးဆယ်နားနီးပြီ။

မမက အငယ်ကောင်လက်ထဲက မြေပဲပြုတ် တစ်ခုကို ယူစားကြည့်တော့ သိုးနံ့က တော်တော် ပြင်းတယ်။ အမေ့ကိုပြတော့ အမေက “မကောင်းလွှင့်လိုက်ပေါ့ သမီးရယ်” ဆိုပြီး လေးလေးပင်ပင် ပြန်ပြောတယ်။

“ကလေးကို အသိုးတွေတော့ မပေးလိုက်သင့်ပါဘူး အမေရယ်၊ သမီးတို့က သူတို့မကုန်တဲ့ အသိုးနဲ့ပဲ တန်တာလား ဟီး”

မမက မိန်းကလေးပီပီ ဝမ်းနည်းပြီး ငိုပြောတော့ အဖေက လှမ်းဆူတယ်။ ပုံကြီးမချဲ့နဲ့တဲ့။

ကျနော်က မြေမဲပြုတ်ထုပ်ကိုယူပြီး အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်တော့ အငယ်ကောင်လေးက မစားရတော့လို့ ငိုတယ်။ အိမ်ထဲမှာ ခပ်ဆူဆူဖြစ်သွားတော့ အမေက ပြန်ချော့ပြီး နေလှန်ထားတဲ့ ထမင်းခြောက်ကို အိုးလေးထဲ ထည့်လှော်ပေးတယ်။

ညနက်တော့ အမေက ပဲပင်ပေါက်တို့ ၊ ငရုတ်သီးစိမ်းတို့ မနက်ရောင်းဖို့ ချိန်ခွင်နဲ့ချိန်ပြီး အထုပ်ထုပ်တယ်။ ပြီးမှ ဖျာအောက်က ပိုက်ဆံလေးတွေထုတ်ပြီး ပါးစပ်က တဖွဖွရေနေတာ။ ကျနော်နဲ့မမ အိပ်ရာထဲက ထပြီး အမေ့ကို ပိုက်ဆံရှစ်ရာပေးတော့ အမေ့မျက်ဝန်းမှာ အရည်တွေလဲ့လို့။ မယူဘူးလို့လည်း မပြောဘူး။

“ပိုးကောင်တွေကလည်း ညဘက် မျက်စိတွေထဲ ဝင်တယ်” ဆိုပြီး အမေက ပွတ်သပ်ပစ်လိုက်တယ်။ ကျနော်တို့ စုထားတဲ့ ပိုက်ဆံလေးပါပေါင်းတော့ ၈၃၀၀ ရတယ်။ တစ်လ သွင်းပေးရမယ့်ငွေက ရှစ်ထောင့်ငါးရာ။

အဖေက ဘုရားစင်အောက်က ကထိန်အလှူသွားတုန်းက ပေါက်ပေါက်ကျဲတာရတဲ့ ပိုက်ဆံ နှစ်ရာတန် အသစ်လေး ထုတ်ပေးတယ်။ မကြာလိုက်ဘူး အိမ်ရှေ့က အသံခပ်သဲ့သဲ့ ကြားရတယ်။

“ပိုက်ဆံမပေးနိုင်ရင် စက်ဘီးပဲ ပြန်ချယူရမယ် ကြားလား ရှင့်သောက်မျိုးတွေ ရှင်ပြော”

“အရီးလေး အရီးလေးရေ”

မကြာဘူး အစ်ကို့အသံကို ကြားရတယ်။ အမေက ဓာတ်မီးလေးဆွဲပြီး အိမ်ရှေ့သွားပေးတယ်။ အထဲဝင်ဦးလေလို့ ပြောသံတွေရော၊ နောက်လ ဘယ်နေ့တွေရော ခပ်ကျယ်ကျယ် ကြားရတယ်။ ဝင်တော့ လိုက်မလာကြဘူး။

အိမ်ထောင့်ကိုကြည့်တော့ အစိုးရထုတ်စက်ဘီးကလေးက ငြိမ်သက်လို့။ စက်ဘီး မလိုချင်တော့ဘူး အမေရယ်လို့ ပြောပြီး ပြန်ပေးချင်လိုက်တာ။ ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ ငိုချင်သလိုပဲ။ အဲ့ဒီညကလည်း ကလေးအတွေးတွေ လျှောက်တွေးလိုက်လို့။

အမေလက်ချုပ်လိုက်နေတဲ့ ဖယောင်းတိုင် ထွန်းထားတဲ့ မီးရောင်လေးဘေးမှာ အဖေနဲ့အမေ ပြောနေတာ ခပ်သဲ့သဲ့လေး ကြားရတယ်။

“ဆွေမျိုးဆိုတာ ရွှေရှိမှ အမျိုးတော်တာ ရွှေရှိမှ လူရာသွင်းကြတာပါတော်”

“ဆွေမျိုးဆိုတာ မရှိခိုးနိုး မလှစုန်းမျိုးလို ဆက်ဆံကြတာပါတော်” တဲ့။

အဖေ့ဆီကတော့ အဲ့ဒါတွေ တွေးမနေနဲ့လို့ ပြောသံကြားလိုက်ရတယ်။

ခုတော့ အဲ့ဒီအချိန်တွေလည်း ၁၅ နှစ် ကျော်ခဲ့ပါပြီ။ မနေ့က ပန်းပင်တွေ ရေဖျန်းနေရင်း ဦးလေးမိန်းမဆီက ဖုန်းလာတယ်။ ကားအသစ်လဲလိုက်တာ အဆင်ပြေလား၊ သိန်းလေးရာတောင်ဆို၊ ငရံ့ခြောက်တွေ ပို့ပေးဖို့ လှမ်းထားကြောင်း၊ နွေရာသီကျရင် အိမ်တက်အလှူလေး အမီလာကြစေချင်ကြောင်းတဲ့။

ဟိုဘက်က ဖုန်းချသွားတော့ အမေက ခပ်ပြုံးပြုံးလေးပဲပြောတယ်။

“ဘယ်သူနဲ့မှ ရေစက် မဆုံချင်တော့ပါဘူးကွယ်” တဲ့။

ကျနော်တို့လည်း သူစိမ်းတွေ အလယ်မှာပဲ ပျော်ပါတယ် အမေ။

#ရွှေမျိုးမှတ်တမ်း
#လင်းရောင်စင်
ပြန်လည်မျှဝေပါသည်။