သား သမီးများ အတွက် အဖေ သေဆုံး သွားတဲ့နေ့

မင်းအဖေ ဆုံးသွားပြီ။ နင့်အဖေ သေသွားပြီဆိုတဲ့ အသံမျိုးကို အဖေ ဆုံးရှုံးခဲ့ရဖူးသူတိုင်း ကြားခဲ့ရတဲ့ စကားလည်း ဖြစ်သလို မကြားချင်ဆုံး စကားတစ်ခွန်းလည်း ဖြစ်မှာပါ။

အဲဒီအချိန် အခိုက်တန့်လေးမှာ ခံစားရတဲ့ ခံစားချက်က ငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့ဘူး။ အသံထွက်ချင်ပေမယ့် ဆွံ့အသွားခဲ့တယ်။ အဲဒါက ဘဝမှာ လုံးဝ မျှော်လင့် မထားသော တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်းကြောင့်ပဲ။

ခဏအကြာမှ ကမ္ဘာကြီး မီးလောင်သွားသလို ခန္ဓာကိုယ် တစ်ခုလုံး အပူတွေ တက်လာတယ်။ ဝမ်းခေါင်းထဲကနေ အသံနက်ကြီးနဲ့ အသံတစ်သံ ထွက်ကျလာခဲ့တယ်လေ။ အဲဒါက အဖေ ဆိုတဲ့စကားတစ်ခွန်းပေါ့။

ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး။ အကြောက်တရားတွေလည်း ကင်းနေပီ အဖေ့ကို ဖက်ဖက်ပြီး ငိုကြွေးခြင်းတွေနဲ့အတူ ရင်ထဲမှာ တကယ် အသိတစ်ခု ရှိနေတာက နောက်နေ့တွေက စတင်ပြီး လက်ကျန်ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းမှာ ငါဟာ အဖေလို့ ခေါ်ခွင့် မရှိတော့တဲ့သူလို့။

အရွယ်ရောက်လာပြန်တော့ အားအင်တွေ အပြည့်နဲ့ ထမင်း တစ်လုတ်လောက်တော့ အဖေ့ကို ကျွေးချင်မွေးချင်ခဲ့တယ်။ ဒါပေမယ့် အဖေက ဘေးနားမှာ ရှိမနေတော့ဘူး။

သူများ သားသမီးတွေ အဖေ အဖေလို့ ခေါ်တဲ့အသံကို ကြားရတိုင်း အခုဆိုရင် အဖေ ဘယ်ဘဝများရောက်နေသလဲ အဖေ့ရဲ့ အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင် နှုတ်ခမ်းဝမှာတင် အဖေလို့ တမ်းခဲ့တယ်။

ရှာရင်လည်းတွေ့ ကြာရင်လည်းမေ့ဆိုတဲ့ ဒီစကားထဲမှာ အဖေတွေတော့ မပါလောက်ဘူး ထင်ပါရဲ့နော်။ ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ် ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ မေ့မရသေးလို့လေ။

မမေ့ပါရစေနဲ့ လက်တွေ့မှာ အဖေ မရှိပေမယ့် ရင်ထဲမှာတော့ အဖေ့ကို ဖက်တွယ်ထားပါရစေ။ အဖေလို့လည်း ခေါ်ခွင့် မရှိတော့ပေမယ့် စိတ်ထဲက အလိုရှိတဲ့အခါ တမ်းပါရစေ။ ပြန်မဆုံနိုင်တော့တာ သိပါလျှက်နဲ့ အဖေကို ဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း အဖေ့ကိုလေ ရူးမိုက်စွာတွေနဲ့ပဲ မျှော်နေတတ်ကြတယ်ဆိုတာ ပါပဲလေ။

ဖန်ခါးမြေအရှင်