ဗုဒ္ဓဘာသာ၀င်များ သိထားရမည့် ရက်လည် ဆွမ်းသွပ်ခြင်း

ဗုဒ္ဓရဲ့တရားတော်အရ ကွယ်လွန်ပြီးသူဟာ နိဗ္ဗာန် မရခဲ့ရင် လူ၊ ငရဲ၊ တိရစ္ဆာန်၊ အသူရကာယ်၊ ပြိတ္တာ၊ နတ်ပြည်၊ ဗြဟ္မာပြည် စတဲ့ (၃၁)ဘုံထဲက နောက်ဘဝ အသစ်ကို အချိန်မဆိုင်းပဲ ချက်ခြင်း ရောက်ပါတယ်။

အဲဒီ များပြားလှတဲ့ ဘဝတွေ အားလုံးထဲမှာမှ ပြိတ္တာ (၂၄)မျိုးထဲက တစ္ဆေ၊ သရဲ ခေါ်တဲ့ ပရဒတ္တူပဇီဝီ ပြိတ္တာ အမျိုးအစား ဖြစ်မှသာ သူ့အတွက် ရည်စူးပြီး ကုသိုလ်ပြုပေးတာကို နောက်ဘဝ အသစ်ကနေ သိရှိပြီး အမျှ ပေးတာကို သာဓု ခေါ်နိုင်ရင် ဒီထက်မြင့်တဲ့ ဘုံကို ရောက်နိုင်လို့၊ အပါယ်ဘုံကနေ ကျွတ်လွတ်နိုင်တဲ့ အတွက် သူ့အတွက် ရည်စူးပြီး အလှူပြုပေးခြင်းရဲ့အကျိုးကို ကွယ်လွန်ပြီးသူက ရရှိ နိုင်ပါတယ်။

ဒီလို မဟုတ်ပဲ ကွယ်လွန်သူက ကျန်တဲ့ များလှစွာသော အခြားဘဝတွေမှာ ရောက်နေရင်တော့ သူ့အတွက် ရည်စူးပြီး ဆောင်ရွက်ပေးတဲ့ အလှူကို မသိရှိနိုင်တဲ့အတွက် သာဓုလဲ မခေါ်ဆိုနိုင်လို့ ကွယ်လွန်သူအတွက် ဘာအကျိုးကျေးဇူးမှ မရနိုင်ပါဘူး။

ဒါပေမဲ့ ကွယ်လွန်သူကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးသူတွေဖြစ်တဲ့ ကျန်ရစ်သူ မိသားစုတွေကတော့ အဲ့ဒီ ကောင်းမှုကုသိုလ် ပြုခြင်းရဲ့ အကျိုးကို ရရှိပါတယ် လို့ ဟောကြားထားပါတယ်။

ဒါဆို ကွယ်လွန်သူကို ရည်းစူးပြီး ကျန်ရစ်သူတွေက ကောင်းမှုကုသိုလ်တွေ လုပ်ပေးတယ်၊ သာဓု ခေါ်ဆိုနိုင်အောင် အမျှ ပေးဝေတယ်။ ဒါကို ကွယ်လွန်သူက ​နောက်ဘဝ အသစ်ကနေ ရမယ်၊ မရမယ်မှန်း မသိတော့ ဘာအတွက်ကြောင့် ထုံးတမ်းစဉ်လာတစ်ခုလို အစဉ်အဆက် စွဲမြဲပြီး လုပ်လာရတာလည်းလို့ မေးစရာက ရှိလာပါတယ်။

ကွယ်လွန်သူကို ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ လုပ်ပေးတယ်၊ အမျှ ပေးဝေတယ် ဆိုတာ ကွယ်လွန်သူ မသေဆုံးမီက သာမာန်ပုထုဇဉ်သာ ဖြစ်တဲ့အတွက် သေဆုံးခါနီးမှာ စိတ်က မတော်တဆ စွဲမိစွဲရာ ဖြစ်မိပြီး ပရဒတ္တူပဇီဝီ ပြိတ္တာဘဝကို ရောက်ရှိ သွားခဲ့ရင်၊ ဒါမှမဟုတ် ကွယ်လွန်ပြီးနောက် တစ်ချိန်ချိန်မှာ ရောက်ရှိနေခဲ့ရင် ပြိတ္တာဘဝကနေ ကျွတ်လွတ်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝအသစ်ကို ရရှိပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မှန်းဆပြီး ဆောင်ရွက်ခဲ့ရာက ထုံးတမ်းစဉ်လာ တစ်ခုကဲ့သို့ ဖြစ်လာရခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့် အရိယာပုဂ္ဂိုလ်တွေက မသေခင်မှာ ကောင်းမှုကုသိုလ်တွေ များများလုပ်ပြီး အပါယ် မရောက်အောင် ကြိုးစားကြဖို့ တဖွဖွ မှာခဲ့ကြတာပေါ့။

ထိုသို့ ဆောင်ရွက်ရာမှာလည်း သေဆုံးပြီးနောက် (၃)ရက်မြောက်ကစပြီး သေဆုံးသူကို ရည်ညွှန်းပြီး လှူဒါန်းရမယ်လို့ အဂုင်္တ္တုရနိကာယ်၊ အဋ္ဌကထာ အရ ရက်လည်ဆွမ်း ပြုလုပ် ပေးရတယ်လို့ ဆိုထားပါတယ်။

(၃)ရက်မြောက်ကစပြီး လှူဒါန်းခိုင်းတယ် ဆိုတာကလည်း ပထမနေ့၊ ဒုတိယနေ့တွေမှာ ကွယ်လွန်သူကို သဂြိုလ်ရမည့် ကိစ္စတွေ ရှိနေသည်က တစ်ကြောင်း၊ အတူနေတဲ့သူ ဗြုန်းစားကြီး ဆုံးရှုံးသွားလို့ ကျန်ရစ်သူတွေ စိတ်ထိခိုက်နေရင် ကြည်ကြည်လင်လင်နဲ့ အမျှ မဝေနိုင်မှာမို့ တစ်ကြောင်း စသည်တို့ကြောင့် (၃)ရက် ပြည့်မှ လုပ်ဖို့ ဟောခဲ့တာပါ။

သရဏဂုံ တင်တယ် ဆိုတာကိုလည်း သေသူအတွက် တင်ပေးတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ပုထုဇဉ်သေရင် သရဏဂုံက ပျက်သွားပါပြီ။ အရိယာ ဖြစ်ရင်သာ ဘဝ ဆက်တိုင်း, ဆက်တိုင်း အထိအောင် ပါပြီး သရဏဂုံ မပျက်တာ။ သာမာန်ပုထုဇဉ်က သေတာနဲ့ ပျက်ပါတယ်။

အသုဘ ပို့သူတွေအတွက် အကျိုးရှိအောင်သာ သရဏဂုံ တင်ရတာ၊ ကမ္မဋ္ဌာန်း ရှုဖို့အတွက် အသုဘ ပို့ရတာ။

အခုခေတ် အသုဘ ပို့တဲ့ သူတွေက ကမ္မဋ္ဌာန်းရှုဖို့ မပြောနဲ့၊ ရယ်မော ပြောဆိုပြီး လိုက်သွားကြ၊ ပြန်လာတော့လည်း သူများအကြောင်း အတင်းတုတ်ပြီး အသုဘအိမ်က ပေးတဲ့ ရေဗူးလေးနဲ့ ယပ်တောင်လေးတွေ ကိုင်ပြီး ပြန်လာကြတယ်။ ဘာ သံဝေဂနဲ့ တရားအသိမှ မရလိုက်ကြတာက များပါတယ်။

“ငါလည်း_သူ့လို_တစ်နေ့_သေရမှာပါလား ” ဆိုတဲ့ သဘောမျိုးနဲ့ ဆင်ခြင်၊ နှလုံးသွင်း နိုင်ရမှာ။ ခုတော့ ပြန်လာလိုက်ရင် ဘာ တရားအသိမှ မရလာပဲ ဘယ်တော့မှ မသေတော့မဲ့ ပုံစံမျိုးလေးတွေနဲ့ တွေ့နေရပါတယ်။

စေတနာများဖြင့်

#ဦးမြင့်ခိုင် & #SaiMyoWin , Sai Myo Win