သုသာန်မှာ အလောင်းတွေ ပုံနေလေရဲ့ တကယ်ကို တရားကျစရာတွေ

ရှင်စဉ် အချိန်တုန်းက တစ်ယောက်နဲ့တစ်ယောက် သိကြမှာ မဟုတ်တဲ့ သူတွေပေါ့။ ခုလို ဘေးချင်းကပ်လျှက် တယောက်ပေါ် တယောက်ထပ်လျှက် နေရာယူနေကြရဲ့။

ခရီးသွားဖို့မဟုတ်ဘူး။ တခုခုဝယ်ဖို့ မဟုတ်ဘူး။ မီးသင်္ဂြုလ်စက်ထဲ ဝင်ဖို့မျှသာ။ ရှင်စဉ်ကဆို ခုံချင်းကပ်တောင် မထိုင်ချင်တဲ့ သူတွေပါမယ်။ ပုခုံးချင်း ထိမိတောင် ဒေါသထွက်မယ့် သူတွေပါမယ်။ ခုတော့ တစ်ယောက်ပေါ် တစ်ယောက်ထပ်လို့။

ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မသိတဲ့သူ သုံးယောက်ဟာ မီးသင်္ဂြိုလ်စက်ထဲ အတူဝင်ပြီး မီးရှို့ခံကြလေရဲ့။ အရိုးပြာတွေ ရောနှောကုန်ကြရော။ ဒီလို အိပ်မက်တောင် မက်ဖူးမယ် မထင်။

ရောဂါကူးမှာစိုးလို့ အိမ်ထဲတောင် အဝင်မခံနိုင်သူတွေခင်မျာ ခုတော့ အိမ်ကနေ သယ်ထုတ်ခံခဲ့ရပြီ။ ကိုယ်စီးခဲ့တဲ့ ကားကို အသက်မဲ့စွာ စီးလို့ သူစိမ်းတွေနဲ့ စည်ကားနေတဲ့ သင်္ချိုင်းဆီ ကိုယ့်အလှည့်ရောက်ဖို့ အလောင်းတွေထဲ တန်းစီလို့ပေါ့။ မသိရင် လေဆိပ် ကားဂိတ်က ပစ္စည်းတွေလို ကိုယ်ကိုယ်တိုင်လည်း ပစ္စည်းတစ်ခု ဖြစ်နေရဲ့။

ရှင်စဉ်က ကိုယ့်အိမ်ကိုယ်ယာနဲ့ မွေ့ရာ ကုတင်နဲ့ ဘယ်လောက်ခမ်းနားစွာ နေခဲ့ဦး ခုတော့ ခေါင်းဝယ်မရလို့ စောင်တွေပတ်လို့။ ချစ်လို့ ဆင်ခဲ့ ဝတ်ခဲ့တဲ့ လက်ဝတ်ရတနာတွေတောင် ကိုယ်နဲ့ ပါမလာတော့ဘူး။

အိမ်မှာ ချစ်ခင်သူတွေ ထားခဲ့ရပြီ။ အဝတ်အစား ငွေကြေး ဆေးဝါး အမှတ်ရစရာတွေ အကုန် ထားခဲ့ရလေရဲ့။ အလုအယက် ဝယ်လှောင်ထားတဲ့ စားစရာတွေတောင် ကျန်ရစ်ခဲ့ရဲ့။

မွေးနေ့ မင်္ဂလာဆောင် ရှင်ပြု ဒင်နာ စသဖြင့် စည်ကားအောင် လုပ်နိုင်ခဲ့သမျှ အခုတော့ နာရေးဟာ သူစိမ်း အလောင်းတွေကြားထဲ ရောဂါပိုးမွှားတွေကြားထဲ ခေတ်ဆိုးကြီးကြားထဲ အနေကျပ်ခဲ့ရတဲ့အပြင် အသေပါကျပ်ခဲ့ရပြီ။

ဂုဏ်ဒြပ် ခံယူချက် မာန်မာန မတူသူတွေနဲ့အတူ မီးရှို့ ပြာချခံရတော့မယ်။ သူ့အလှည့် ကိုယ့်အလှည်ရွေးချယ်လို့မရ။ အခု အလောင်းဖြစ်နေရတဲ့သူလည်း လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက သူလိုကိုယ်လိုပဲ သေမယ် ဘယ်ထင်ပါ့မလဲ။

ဆေးဝါးတွေ ဝယ်ထားမှာပဲ။ အစားအသောက်တွေ ဝယ်စုထားမှာပဲ။ ဘဏ်မှာ တန်းစီခဲ့မှာပါပဲ။ ချမ်းသာ ဆင်းရဲ အရွယ်ကြီး အရွယ်ငယ်မရွေး သေခြင်းတရားက မဲဖောက်သလို တရစပ် ရွေးချယ်နေလေရဲ့။

လူတိုင်း အသက် ၁၀၀ ထိနေရမယ့်ပုံလို မသေတော့မယ့် လူလို နေထိုင်ခဲ့ကြရဲ့။ လောဘတွေနဲ့ ဖြတ်သန်းခဲ့ရဲ့။ အသိုက်အမြုံတစ်ခုကို ပင်ပန်းကြီးစွာ ရှာဖွေတည်ဆောင်ခဲ့ကြရဲ့။

အခုတော့ သေခြင်းရဲ့အလွန်မှာ သူ ရှင်စဉ်ကဘယ်လို စိတ်ထားနဲ့ နေထိုင်ခဲ့သလဲ ဆိုတာကသာ
အဆုံးအဖြတ် ပေးနိုင်လိမ့်မယ်။ ဘာသာတရားခဏထား (လူ တစ်သန်းမှာ တစ်ယောက်တောင် တကယ် မလုပ်နိုင်ပါဘူး)။

သူအကုန် ထားခဲ့ရသလို အိမ်ကဘာမှ မထည့်ပေးလိုက်နိုင်တော့ဘူး။ ငွေလွှဲပေးသလိုမျိုး delivery နဲ့ ပို့သလိုမျိုး ပို့လို့လဲမရ ဘာမှ လုပ်လို့ မရ‌တော့ဘူး။ သူနဲ့အတူ ပါသွားဖို့ သေချာတာကတော့ သူလုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုမျှသာ

ဒါကြောင့် ရှင်သန်စဉ် အချိန်ဟာ အရေးကြီးဆုံးလို့ ဆိုကြတာပေါ့။ အကောင်းဆုံး မလုပ်နိုင်ခဲ့တောင် မယုတ်မာမိခဲ့ဖို့ အရေးကြီးတယ်။ ကိုယ့်နဲ့အတူ လိုက်မသေနိုင်ကြတဲ့ မိသားစု ဆွေမျိုး မိတ်ဆွေ ချစ်သူ တွေအတွက် အကောင်းဆုံး အတတ်နိုင်ဆုံးကြိုးစားပေးတာ ကောင်းပေမယ့် အတ္တကြီးစွာ မောဟကြီးစွာ ရှာဖွေခဲ့ပေးတာကတော့ စဉ်းစားစရာ။

ပြီးတော့ ကိုယ့်ကိုသူတို့ လာပစ်သွားကြတာပဲလေ။ ကိုယ်လည်း သူတို့ကို ငိုရင်းပစ်ခဲ့ရမှာပဲ။ ဒါ သဘာဝပဲကို။

တွေးကြည့်လေ မတည်မြဲလေ မက်စရာမရှိလေ သွေးပျက်စရာဖြစ်လေ။ လောကကြီးက အဖြူတခြမ်း အမည်းတခြမ်း အပြုံးတဝက် အငိုတဝက် ချိုသလိုလိုနဲ့ အဆုံးသတ်ကျ အခါးသက်သက်။

Credit : LinnMeeLuck