မိဘကို ချစ်ရင် မရှက်ပါနဲ့

အလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင် အတန်းဖော်သူငယ်ချင်းတွေက မေးကြတယ်။ “နင့်အဖေ ဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ ” လို့ မေးရင် ကျွန်မ အရမ်းအားငယ်ရတယ် ဝမ်းနည်းမိတယ်။

“ငါရဲ့ဖေဖေက စက်ချုပ်တယ် ငါ့ရဲ့မေမေက ထမင်းချက်တယ် ” ဆိုတဲ့ အဖြေကို မရဲမဝဲ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ်။

“ငါ့ဖေဖေက အင်ဂျင်နီယာ ငါ့မေမေက ဒေါက်တာ ” ဆိုပြီး တချို့သူငယ်ချင်းတွေလို ဂုဏ်ယူဝဲ့ကြွားစွာ ဖြေချင်မိတယ်။ ဒါပေမယ့် ကျွန်မ အဖေက စက်ချုပ်တယ် အမေက ထမင်းချက်တယ်။

တနေ့တော့ “ ဖေဖေ သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ် ဖေဖေမေမေက ဘာလုပ်တာလဲ ” တဲ့

“ ဖြေတော့ တချို့သူတွေက သမီးကိုလှောင်ရယ်ကြတယ် ” သမီး … သိပ်ရှက်တယ် … ဖေဖေ … သမီးရှက်တယ်

“သမီးလဲ … သူငယ်ချင်းတွေရဲ့အဖေအမေလို အင်ဂျင်နယ်ယာ ဒေါက်တာ ပညာတတ်တဲ့ ဖေဖေမေမေလိုချင်တာပေါ့ ”

အဲဒီအချိန်မှာ ကျွန်မအနားသို့ ဖေဖေတိုးလာပြီး “ဘယ်လိုပြောလိုက်တာလဲ သမီးရေ ဖေဖေတို့လည်း ပညာတတ်ဖြစ်ချင်ခဲ့တာပေါ့ ဘဝပေးအခြေအနေက ဖေဖေကိုပညာတတ်ဖြစ်ဖို့ မပေးခဲ့ဘူးလေ ”

“ဖေဖေတို့မောင်နှမနှစ်ယောက်ဟာ ပညာတတ်သိပ်ဖြစ်ချင်ခဲ့တာ။ အမေကမုဆိုးမ ဆင်းရဲတယ် သူများဆီမှာအငှားခံရတယ် စားဝတ်နေရေးအတွက်ပဲ ထမင်းမငတ်အောင်စားခဲ့ရတာ ”

“ဖေဖေတို့ကို ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်ခဲ့ဘူး သမီး။ ဖေဖေတို့ မောင်နှမ နှစ်ယောက်က စာအရမ်းသင်ချင်လို့ တောင်ပေါ်က ဟင်းသီးဟင်းရွက်တွေကို သွားခူးပြီးရောင်းတယ် ”

“ ဟင်းသီးဟင်းရွက်ရောင်းလို့ … ရတဲ့ပိုက်ဆံကို … စု သူများဆီကတဆင့် စာအုပ်အဟောင်းလေးတွေဝယ်ပြီး ဖေဖေတို့မောင်နှမနှစ်ယောက် ကျောင်းတက်ခဲ့ရတာ။ ဖေဖေတို့ကဆင်းရဲတော့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး သမီးရေ”

“စာအုပ်အသစ်တွေ မဝယ်နိုင်ဘူး သူများဆီကဝယ်တဲ့ စာအုပ် အဟောင်းလေးနဲ့ စာရေးခဲ့တယ်။ ဆရာကို အမှတ်ခြစ်ဖို့ စာအုပ်သွားထပ်တော့ မင်းဘာစာအုပ်နဲ့ ရေးထားတာလဲ ညစ်ပတ် စုတ်ပြတ်သတ်နေတာပဲ ရော့…ကွာ ” ဆိုပြီး ဖေဖေ့စာအုပ်ကို ဆရာက လွှင့်ပစ်တယ်သမီးရေ။

“စာအုပ်ကထဲက စာရွက်လေးတွေ တရွက်စီကွာကြသွားခဲ့တယ် ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီးစာရွက်လေးတွေကို တရွက်ချင်းစီ ကောက်ခဲ့ရတယ်။ အဲဒါနဲ့ … ဖေဖေ … လေးတန်းဖြေပြီး ကျောင်းနားခဲ့ရတယ် သမီးရေ။ အရွယ်ရောက်လာတော့ ဖေဖေ စက်ချုပ်ပညာကို တတ်ကျွမ်းအောင် ဆရာတစ်ယောက်ဆီမှာ သင်ခဲ့တယ် ”

“ သမီးတို့မောင်နှမနှစ်ယောက်ကို ဖေဖေတို့မောင်နှမနှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့ စက်ချုပ်ပညာနဲ့ ပညာတတ်ဖြစ်အောင် ပညာသင်ရအောင် ကျောင်းတက်ရအောင် ထားပေးတယ်လေ ”

ဖေဖေပြောတဲ့ စကားတွေကို နားထောင်ရတာတော့ ကျွန်မရင်ထဲ ဝမ်းနည်းပြီး မျက်ရည်စက်တွေ ကျလာတယ်။ ဖေဖေက စကားတခွန်းပဲပြောတယ်။

“ဂုဏ်ယူလိုက်စမ်းပါသမီးရေ … မရှက်ပါနဲ့ ငါ့မိဘတွေက သူတို့တတ်တဲ့အတတ်ပညာ ရှာလို့ပေးလို့ရတဲ့ ပိုက်ဆံနဲ့ ငါ့အစ်ကိုကို ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ် ငါ့ကို အခုကျောင်းထားပေးနေတယ် ဆိုပြီး ပြောလိုက်စမ်းပါ သမီးရေ ” တဲ့လေ ။

တချိန်က မပြောနိုင်ခဲ့တဲ့စကားတွေကို အခုတော့ … ဖေဖေ့ကျေးဇူးတွေကြောင့် … ရဲဝဲ့စွာပြောနိုင်ခဲ့ပြီ … ဖေဖေ။ သမီး မရှက်တော့ဘူး ဖေဖေ။

“သူငယ်ချင်းတို့ မိတ်ဆွေတို့ရေ ” ငယ်တဲ့အချိန်မှာတော့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတ မရှိသေးတဲ့ အရွယ်မို့ ရှက်တတ်ရင်ရှက်နိုင်ပါတယ်။ အသက်အရွယ်ကြီးလာလို့ စဉ်းစားဉာဏ်အတွေးအခေါ် ဗဟုသုတတွေကို ရင့်ကျက်လာတဲ့အခါ မရှက်သင့်တာကို မရှက်ပါနဲ့ အားမငယ်သင့်တာကို အားမငယ်ပါနဲ့။

ဒါကြောင့် မိဘကိုချစ်ရင် မရှက်ပါနဲ့။

Credit : Original Writer