ဆွမ်းဘုန်းပေးခါနီး အုန်းမောင်းခေါက်ရသည့် အကြောင်းအရင်း

သိချင်လို့ လိုက်ရှာနေတာ ကြာပြီဗျာ ခုမှသိရတော့တယ်။ ဂျပန်ခေတ်က ဖြစ်သည်။ စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီချောင်သို့ဂျပန်အရာရှိတစ်ဦးနှင့် စကားပြန်တစ်ဦး ရောက်လာ၏။ ဆွမ်းစားချိန်ဖြစ်သောကြောင့် ကြေးမောင်းထိုး တုံးခေါက်ရာ ဂျပန်အရာရှိက ဘာလုပ်တာလဲ ဟုမေး၏။

စကားပြန်က ဆွမ်းစားမှာမို့ ကြေးမောင်းထိုးတုံးခေါက်ခြင်း ဖြစ်ကြောင်း ရှင်းပြရာ ဂျပန်အရာရှိကြီးက “ဒီဘုန်းကြီးတွေ သူများလှူတဲ့ဆွမ်းစားတာတောင် ဒီလို ကြေးမောင်းတွေ တုံးတွေခေါက်ပြီးစားရင် ကိုယ့်ဖာသာ ရှာစားရင်တော့ အမြောက်ဖောက်ပြီးများ စားမလား မသိဘူး” ဟု မှတ်ချက်ပြုသတဲ့။

ထိုမှတ်ချက်ကို စကားပြန်က မင်္ဂလာစေတီဆရာတော်ကြီးအား လျှောက်ထားရာ ဆရာတော်ကြီးက “ဘုန်းကြီးတို့ ဒီလိုကြေးမောင်းထိုး တုံးတွေ ခေါက်ပြီး စားတာဟာ ကြွားချင်လို့ မဟုတ်ဘူး။ ဒီအနီးအနားမှာ ဘုရားဖူး ခရီးသွား သံဃာတော်တွေ ဆွမ်းမပြည့်စုံသေးရင် ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်းအပြည့်အစုံ ရှိပါတယ် ဆွမ်းစားကြွတော်မူကြပါလို့ အသိပေးဖိတ်ကြားတာ ဖြစ်တဲ့အပြင် နောက်ပြီးတော့ ရွာတွေက ဆွမ်း ဆွမ်းဟင်း လောင်းလှူကြသော ဆွမ်ဒါယိကာ ဆွမ်းဒါယိကာမများ အနေဖြင့် မိမိတို့လှူလိုက်တဲ့ ဆွမ်း ခဲဘွယ်တို့ကို ဆရာတော် သံဃာတော်များ ဘုန်းပေးသုံးဆောင် တော့မှာဖြစ်တဲ့အတွက် အလှူရှင်များအနေဖြင့် ကောင်းမှုကုသိုလ် အစုစုအတွက် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ဘို့ဖြစ်တယ် တကာ” ဟု ရှင်းပြ၏။

ဆရာတော်ကြီး ရှင်းပြတာကို နားထောင်၍ ဂျပန်အရာရှိကြီးက နားလည် သဘောကျသည့်အနေဖြင့် အကြိမ်ကြိမ် အလေးပြုသွားသည်ဟူ၏။

ပေးလိုသည့် မှတ်ချက်မှာ ခရီးသွား ဆရာတော်သံဃာတော်တို့ အနေဖြင့် ဆွမ်းဘုဉ်းချိန် ရောက်လျှင် စားသောက်ဆိုင်များဝင်၍ အကုန်အကျခံ ဘုဉ်းပေးတော်မမူကြပါနှင့် သိသိ မသိသိ ဆွမ်းစားချိန် ကြေးမောင်းထိုးတုံးခေါက်သော ကျောင်းတိုက်များသို့သာ ဝင်ရောက် ဘုဉ်းပေးတော်မူကြပါ။ ၎င်းကြေးမောင်းသံတုံးခေါက်သံတို့သည် အရှင်ဘုရားတို့အား ဆွမ်းစားပင့်ခြင်းပင် ဖြစ်ပါပေ၏။

Credit : မူရင်းတင်သူသို့