ကလေးမလေး တစ်ယောက် မိုးရွာထဲမှာ ကန်စွန်းရွက် ဗန်းလေး ရှေ့ချပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင် ချမ်းနေရှာတယ်

အမှတ်မထင် ပီတိကုသိုလ် (အရမ်းကြည်နူးမိတယ်)

ဒီနေ့လည် ကားအောက်ပိုင်း စစ်စရာရှိလို့ မော်လမြိုင်က အပြန် နာရီစင်ရှေ့က ပတ်ပြန်တော့ သထုံ(ထ.၂) ကျောင်းဝင်းရှေ့မှာ ကလေးမလေးတစ်ယောက် မိုးရွာထဲမှာ ကန်စွန်းရွက်ဗန်းလေး ရှေ့ချပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင် ချမ်းနေရှာတယ်။

တရပ်စပ် ပြင်းထန်စွာရွာနေတဲ့ သထုံမိုးကြောင့် သူ့နှုတ်ခမ်းတွေ ပြာနေလောက်ပါပြီ။ (mask)တပ်ထားလို့သာ မမြင်ရပေမယ့် ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးမလေးရဲ့ သွင်ပြင်ကိုကြည့်ပြီး ခန့်မှန်းမိပါတယ်။

(Stay at home) ကာလမို့ လမ်းသွား လမ်းလာ လူသူမရှိသလောက် လမ်းရှင်းနေပါတယ်။ ဒီပုံစံအတိုင်းဆို မိုးချုပ်တဲ့အထိ သူ့ကန်စွန်းရွက်တွေ ရောင်းကုန်မယ့်ပုံ မပေါ်ဘူး။

ကိုယ်သာလျှင် လူ့ဘဝနဲ့သာ ရှိနေခဲ့မယ်ဆိုရင် ဒီကလေးမလေးဟာ ကိုယ့်သမီးအရွယ်ပါဘဲ။ သူခမျာ အရွယ်နဲ့မလိုက် စား,ဝတ်နေရေးအတွက် လောကဓမ်ကို အန်တုနေရရှာတယ်။ တပည့်ကျော်စောဘွေ့ဝါးကို ကားချက်ချင်း ရပ်ခိုင်းလိုက်မိတယ်။

“သား.. အဲ့ဒီကလေးမ ဗန်းထဲမှာရှိတဲ့ ကန်စွန်းရွက်တွေ ဘယ်လောက်ဘဲ ပေးရ,ပေးရ တစ်ဗန်းလုံး ဝယ်ခဲ့ကွာ”။

“ဘာလုပ်ဖို့လဲ..ဘုရား၊ကျောင်းမှာလည်း ကန်စွန်းခင်းတွေ ကိုရင်တွေစိုက်ထားတာ အများကြီးရှိတာဘဲဟာ။”

“မင်း.လျှာမရှည်ပါနဲ့ကွာ။ဒီကလေး ငါတို့သမီး၊ငါတို့ညီမလေးဆိုရင် ဒီလိုမိုးရေထဲမှာ ကြည့်နိူင်ပါ့မလား”

တပည့်ကျော် ချက်ချင်း သဘောပေါက်သွားဟန်တူ၏။ ပိုက်ဆံထုတ်ပြီး ချက်ခြင်း ကလေးမလေးအရှေ့ ရောက်သွားတယ်။ ဘာတွေ မေးနေသလဲမသိ၊ဟိုက ကလေးမလေးက ခိုက်ခိုက်တုန်ပြီး ချမ်းနေရှာသည်။ စိတ်မရှည်တော့ မိမိပါ ကားပေါ်က ဆင်းပြီးလိုက်သွားမိတယ်။

“သမီး ကန်စွန်းရွက်တွေ တစီးဘယ်လောက်လဲ… ၃၀၀.ပါ..ဘုရား။ အေး..ဘယ်နှစ်စီးရှိလဲ။ ကောင်မလေးက တုန်ရီသော လက်တွေနဲ့ သူ့ကန်စွန်းရွက်တွေကို ရေတွက်နေမိသည်။

(၅၈) စီးပါ ဘုန်းဘုန်း။အေး.အေး.. အကုန်ကားပေါ်တင်လိုက်သမီး။ တပည့်ကြီးကို (၅၈)စီး ထက်မက ပိုက်ဆံ ပိုပေးခိုင်းလိုက်သည်။

ကလေးမလေးရဲ့ မျက်နှာမှာ ဝင်းလက်ပျော်ရွှင်သော မျက်ဝန်းတစ်စုံကို မြင်ဖြစ်အောင် မြင်လိုက်မိသည်။ ဒီနေ့အဖို့ ဒီပီတိ ဘာနဲ့မျှ မလဲနိူင်။

သူမအနောက်မှာ သူမမိသားစုစားဝတ်နေရေး ရှိပေလိမ့်မည်။ သူမ မိုးရေထဲမှာ အကြာကြီးနေနေရင် သူမဖျားတာနဲ့ သူ့မိသားစု ဝန်ပိလိမ့်မည်။ ဒီလိုကလေးတွေ မြန်မာပြည်မှာ အများကြီး ရှိနေမှာပါ။ များများ မလှူနိူင်ခဲ့ရင်တောင် လူတိုင်း ဒီလိုနည်းနဲ့အားပေးသင့်တယ်။

အမှန်တော့ ကိုယ့်ကျောင်းအတွက် ကန်စွန်းရွက်မလိုပါဘူး။ ကိုရင်လေးတွေ စိုက်ထားတဲ့ ကန်စွန်းခင်းရယ်၊ နေ့စဉ်ဆွမ်းဒကာတွေ ပို့ပေးတဲ့ ဟင်းသီးဟင်းရွက်တွေရယ် လုံလောက်ပါတယ်။

တစ်ခါတရံ ပိုလျှံလို့ နီးစပ်ရာ ဘ/ကကျောင်း၊သီလရှင်ကျောင်းတွေကိုပါ ပြန်လှူဖြစ်ပါတယ်။ အခုလည်း ပြန်ရောက်ရောက်ချင်း ကျောင်းက ဆောက်လုပ်ရေး ဝန်ထမ်း တပည့်တွေကို ဝေပေးလိုက်ပြီ။

အိမ်ကို ပြန်ယူသွားကြ။စားမကုန်ရင် ကိုယ်နဲ့ဘဝတူ အိမ်နီးချင်းတွေကို ဝေပေးလိုက်လို့ မှာပြီး ပေးလိုက်တယ်။ ကုသိုလ်နှစ်ခါရတာပေါ့။

(ဓာတ်ပုံ ရိုက်တာကတော့ စောဘွေ့ဝါးရဲ့ ဝါသနာပါဘဲ၊ ပြန်ရောက်မှ သူဓာတ်ပုံ ရိုက်ခဲ့တာလေးကို ပြတော့ ကြည်နူးပြီး ဒီစာရေးဖြစ်သွားတာ)

ထန်းတစ်ပင် ဆရာတော်