ပိုက်ဆံရှိတာတောင် အသက်ဆက်ရှင်လို့ မရနိုင်တဲ့ နိုင်ငံမှာ နေရတာ သိပ်ကို ပင်ပန်းလွန်းလှတယ်

အမေ့အတွက် အောက်စီဂျင်ကုန်လို့ အိုးတွေ ကားပေါ်တင်လို့ မနက်ကတည်းက ကားတစ်စီးနဲ့ တောင်ဒဂုံ စက်မှုဇုံ (၃) ခုလုံး အနှံ့ရှာလိုက်ရတာ ကားပေါ်ထိုင်ရင်း မူးလာတယ်။

မိုးတွေကလည်း သဲသဲမဲမဲရွာလို့ တူလေးက ရှေ့ကနေ ဆိုင်ကယ်တစ်စီးနဲ့ရှာ ကိုယ်က နောက်ကနေ ကားနဲ့လိုက် အချိုး၊ အကွေ့တွေမှာ မျက်ခြေခဏခဏပြတ် နောက်ဆုံးနေရာမှ ရသွားတယ်။

ထားခဲ့ပါ၊ ည(၇) နာရီမှ လာယူပါတဲ့။ စက်ရုံရှေ့မှာ ကူညီရေး အသင်းကကားတွေ၊ Ambulance ကားတွေ၊ ကိုယ်ပိုင်ကားတွေ၊ Taxiတွေ ဆိုက်ကားတွေဆိုတာ ကားတန်းရှည်ကြီးဖြစ်လို့။ တူလေးလည်းမိုးတွေ စိုရွဲလို့ ရနိုင်ပြီလို့ စိတ်ချရတော့မှပဲ ကိုယ်တို့‌ မောင်နှမနှင့် တူလေးလည်း နေ့လည်စာ စားနိုင်တော့တယ်။

ခင်ဗျားတို့ တောင်ဒဂုံ စက်မှုဇုန်ကို ရောက်ဖူးလား။ တောင်မြောက် လမ်းဆုံကနေ ပြည်ထောင်စု လမ်းအတိုင်း တည့်တည့် လာလိုက်။ လူတွေ ရှုပ်ပွေနေတဲ့‌နေရာ ကားတွေ သိပ်သွားမရတဲ့ နေရာကို မြင်လိုက်တာနဲ့ စက်မှုဇုန်နား ရောက်ပြီဆိုတာ သိလိမ့်မယ်။

လာကြည့်လိုက်ပါ။ အောက်စီဂျင်အိုးတွေကို ‌ဆိုက်ကားပေါ်မှာ တင်ပြီး သွားနေတဲ့ လူတွေကို တွေ့ရမယ်။ တစ်ချို့ကတော့ ပိုတတ်နိုင်လို့ ထင်ပါရဲ့ ဆိုက်တွဲလို့ အလွယ်ခေါ်တဲ့ ဆိုင်ကယ်ကို ဘေးတွဲတပ်ထားတဲ့ ယာဉ်နဲ့ အောက်စီဂျင်အိုးတွေ တင်သွားတာ တွေ့လိမ့်မယ်။

အောက်စီဂျင်အိုးဆိုင်တို့ အောက်စီဂျင်ထည့်တဲ့ စက်ရုံတို့ဆို သိပ်ရှာစရာ မလိုပါဘူး။ ဆေးရုံကားတွေ သွားတဲ့နောက် အောက်စီဂျင်အိုးပါတဲ့ ကားတွေ၊ ဆိုက်တွဲတွေနောက် လိုက်သွားရုံပဲ။ ကားလမ်းတွေ ပိတ်ပြီး ဆက်သွားလို့ မရတော့ဘူး။ ပိုပြီး သေချာချင်ရင် ကားပေါ်က ဆင်းကြည့်။

ပိုက်ဆံအိတ်ကို တင်းတင်းဆုပ်ပြီး အောက်စီဂျင်စက်ရုံတွေရှေ့ ရပ်နေတဲ့ မျှော်လင့်ချက် ယဲ့ယဲ့ လူသားတွေ တွေ့ရလိမ့်မယ်။ အောက်စီဂျင်အိုး ၀ယ်လို့မရ။ အောက်စီဂျင်အိုးထဲ အောက်စီဂျင် ချက်ချင်း ဖြည့်လို့မရ ။ အောက်စီဂျင် ဖြည့်ချင်ရင် တစ်ရက်ထားခဲ့ရတဲ့ အလုပ်ရုံနဲ့၊ တစ်အိုးပြီးမှ တစ်အိုး ဖြည့်ပေးတာမို့ မနက်အစောကြီးထဲက အောက်စီဂျင် လာတန်းစီရတဲ့ စက်ရုံနဲ့၊ အပူမီးတွေနဲ့ လူတွေ အုံနေတာပဲ။

ပိုက်ဆံရှိတာတောင် အသက်ဆက်ရှင်လို့ မရနိုင်တဲ့ နိုင်ငံမှာ နေရတာ သိပ်ကို ပင်ပန်းလွန်းလှတယ်။ မမြင်ဖူးရင် သွားကြည့်ကြပါ။ ကိုယ်ချင်းစာတရား မရှိတဲ့ သူတွေ လာကြည့်ကြပါ။

လမ်းမပေါ်ထွက် ဆန္ဒပြတုန်းကလို “ပြည်သူတွေကို လှည့်ကြည့်ပါဦး ” လို့ ဘယ်သူမှ ဟစ်ကြွေးမနေကြတော့ဘူး။ ကိုယ့်အသက် ကိုယ် ဖက်နဲ့ထုပ်ပြီး နောက်တစ်မိနစ်ကိုတောင် မပိုင်တော့တဲ့ လူသားတွေဟာ ဒီတိုင်းပြည်ရဲ့ ခေတ်ဆိုးမှာ လူးကာလိမ့်ကာနဲ့။ ကျေပါ‌စေတော့လေ။

Credit : Cho Yee Moon