ယခုလိုလူတွေ တကယ် ရှိနေပါပြီ ဝိုင်းဝန်း ကူညီပေးကြပါ

မနေ့ ညနေ ၄ နာရီခန့်က အိမ်မှာနေရတာ ပျင်းလာလို့ ဆေးခန်းအတွက် ဆေးနည်းနည်း လိုတာရှိလို့ ကိုယ်တိုင် ထွက်ဝယ်လိုက်တယ်။ အရင်ကဆေးဝယ် တာဝန်ခံက အမျိုးသမီး သူမရှိတော့ ခုမှကိုယ်တိုင်ဝယ်ရတာ။

ကိုယ့်အတွက် လိုတဲ့ဆေးတွေယူပြီး ကျသင့်စာရင်းတွက်နေတုန်း ဆေးဝယ်သူတွေ ရောက်လာတော့ ဆိုင်ရှင်ကို “ကျွန်တော်က အားပါတယ်။ ဘာအလုပ်မှမရှိဘူး။ သူတို့အရင် ရောင်းလိုက်ပါ” ဆိုပြီး လာဝယ်သူတွေကို ခပ်လှမ်းလှမ်းက ငေးနေမိပါတယ်။

အဲဒီအချိန် မျက်စိလွှဲလို့ မရတဲ့ လူတစ်ယောက် ဆိုင်ရှေ့ရောက်လာတယ်။ သူ့ပုံစံက ဗလကောင်းကောင်း အသက် ၃၅-၄၀ လောက် လုံခြည်ကို တိုတို ဝတ်ထားတယ်။ သူ့လက်နှင့် လုံခြည်မှာ ဘိလပ်မြေ အစအနတွေ တွေ့တော့ ပန်းရံအလုပ် လုပ်တာလို့ ထင်ပါတယ်။ သူ့ကြည့်ရတာ အလုပ်ပြန် အိမ်အတွက် ဆေးလာဝယ်တယ် ထင်ပါရဲ့။

ကျွန်တော်ပြောချင်တာ ခုမှစပါ့မယ်။ သူက ဆိုင်က ကလေးမလေးကို ‘ပါရာစီတေမာ တစ်ကပ်ပေးပါ” ဆိုပြီး ခါးကြားလုံခြည်နှင့် လိပ်ထားတဲ့ တစ်ထောင်တန် တစ်ရွက် ပေးပြီး ပြောပါတယ်။

ဆိုင်က ကလေးမက ‘တစ်ကဒ် ၃၀၀၀’ လို့ ပြောလိုက်တော့ အံသြထိပ်လန့်သွားတဲ့ သူ့မျက်နှာက အပြောင်းအလဲကို ကျွန်တော့် တစ်သက်ဘယ်တော့မှ မေ့တော့မည်မဟုတ်ပါ။

လှမ်းထားတဲ့ သူ့လက်ကို ပြန်ရုပ်။ တစ်ဖက် ခါးပုံကြားထဲက လိပ်ထားတဲ့ ပိုက်ဆံကို ထုပ်ကြည့်နေတယ်။ ကျွန်တော် မသိမသာ လှမ်းကြည့်နေမိတယ်။ အားလုံး တစ်ထောင်တန် လေးရွက်။ ဒါတစ်နေ့တာ သူ့ လုပ်အားခလား မသိ။

အိမ်က အမျိုးသမီး ဒါမှမဟုတ် ကလေး တစ်ယောက်ယောက် ဖျားလို့ ပါရာစီတမော မှာလိုက်လို့ ဝယ်တယ် ထင်ပါတယ်။ ပါရာကို တစ်ထောင်ထား ကျန်တာက ဟင်းဘိုးထင်ပါရဲ့။

တစ်ထောင်တန် လေးရွက် လက်ထဲကိုင်ပြီး သူခေါင်းငုံ့ စဉ်းစားနေတယ်။

ကျွန်တော်လဲ သူ့ကို ဘယ်လိုပြောပြီး ကူညီရမလဲ စဉ်းစားနေတယ်။ ခဏနေ့တော့ သူ့ပါးစပ်က အသံတိုးတိုးလေး ထွက်လာတယ်။ တစ်ကဒ်ပေးပါတဲ့။

ကျွန်တော်လည်း အရဲစွန့်ပြီး ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့သိက္ခာကို ထိခိုက်မှာ စိုးတာပါ။ ကျွန်တော့်ဝယ်ထားတဲ့ ဆေးအိပ်ထဲက paracetamol (၂) ကဒ်ယူပြီး သူ့ကိုပေးလိုက်တယ်။

“ဒီမယ်ခင်ဗျ ကျွန်တော်က ဒီဆေးတွေကို ကျွန်တော့်ရွာက လူတွေကို ဝေဘို့ လှူဘို့ ဝယ်ထားတာပါ။ ဒီထဲက နှစ်ကဒ် လှူလိုက်မယ်နော်” ဆိုပြီး ပေးလိုက်တော့ မျက်ရည်လည်ပြီး ကျေးဇူးတင်ပါတယ်ဆိုပြော လက်လေး တုန်တုန်နှင့် ယူသွားရှာတယ်။

ဆေးဆိုင်ကထွက်ပြီး နှစ်ဆိုင်ကျော်က ကုန်စုံဆိုင်ဝင်ပြီး ၄၀၀၀ ဘိုး ဘာတွေ ဝယ်သွားတယ် မသိပါဘူး။ ကြွပ်ကြွပ် အိပ်လေး ဆွဲပြီး ထွက်သွားပါတော့တယ်။

(အသနားခံချင်တာကတော့….ဆင်းရဲသားတွေအပေါ် ဆေးတွေကိုတော့ …အဆမတန်ဈေးမတင်ကြပါနဲ့ )

မှတ်ချက် ။ ပုံထဲက ၁၀၀၀ တန် လေးရွက်က ကုန်စုံဆိုင်က မိတ်ဆွေ ကိုမေတ္တာရပ်ခံပြီး လဲလာတာပါ။

Credit : မူရင်းတင်သူ