ယာခင်းတစ်ခင်းထဲ ဖြတ်သွားမိတယ် မြင်လိုက်ရတဲ့ မြင်ကွင်းက အံ့အားသင့်စရာ ဖြစ်သွားတယ်

ဒီနေ့ လမ်းလျှောက်သွားရင်းနဲ့ တွေ့ကရ ပုံရိပ်များနဲ့ တွေးမိသော အတွေးလေးပါ ။ ယာခင်းတစ်ခင်းထဲ ဖြတ်သွားမိတယ် မြင်လိုက်ရတဲ့ မြင်ကွင်းက အံ့အား သင့်စရာ ဖြစ်သွားတယ် ။

ကိုယ့်တစ်သက်မှာ ကျွဲ နွား လယ်ထွန်စက် တွေနဲ့ လယ်ယာထွန်ယက်တာ မဆန်းလှဘူး၊ ရိုးနေပြီ ။ မြင်းနဲ့ ယာထွန်နေတာတွေ့လိုက်တော့ အတော် အံ့သြ သွားတယ် ။ ဒါနဲ့ ခဏ ရပ်ပြီး ဓာတ်ပုံ ရိုက်ခွင့်တောင်း ဓာတ်ပုံရိုက်ပြီး ၊ မြင်းနဲ့ ယာထွန်တာအဆင်ပြေရဲ့လား မေးကြည့်မိတယ် ။

အတော်အဆင်ပြေတယ်ဘုရား နွားနဲ့ ထွန်ရေးကြောင်း တစ်ခေါက်ဆို မြင်းနဲ့ သုံးခေါက်လောက်ပေါက်တယ် ဘုရား။ ( အမြန်အမြန် ဂစ္ဆတီတိ မြင်း လေ)

တွေးမိတာလေးက ပုဂံ မှာ မြင်းတွေကို လုံးပြောင်နေအောင် ကျွေးပြီး လှည်းလေး လှလှပပလေးပြင် ၊ ကျော့ကျော့မော့မော့လေး လမ်းပေါ်ပြေးခိုင်းတာလေ။

မြင်းလှည်းနဲ့လည်ပတ်တာကလည်း နိုင်ငံခြားသားတွေ များပါတယ် ။ မြန်မာကတော့ အနည်းတော့ရှိပါတယ်။ နိုင်ငံခြားသားတွေက လှည်းတစ်စီး နှစ်ယောက် ဂိုက်ပါမှ သုံးယောက်စီးတာဆိုတော့ မြင်းတွေက ကျော့မော့နေအောင် ပြေးနိုင်တယ်လေ။

အခုထယ်ရုန်းနေတာမြင်ရတော့ စိတ်ထဲမှာမကောင်းလိုက်တာ ။ ဧည့်သည်မရှိတော့ လူတွေလည်းအဆင်မပြေ ၊ လူတွေအဆင်မပြေတော့ လူကျွေးမှစားရတဲ့ တိရစ္ဆာန်တွေအတွက် စဉ်းစားတာကြည့်ပေါ့။

အချို့လည်း မြင်းစာဖိုးမတတ်နိုင်တော့ မြင်းလှည်းတွေ အရှုံးခံပြီး ရောင်းစားပစ်လိုက်ကြရတယ်။ တချို့လည်း အောင့်အီးပြီး ခေတ်အကောင်းကို စောင့်မျော်နေကြတယ် ။ နေ့စဉ်မြင်းစာဖိုးကလည်း မသေးလှပါဘူးလေ ။

အဲ့ဒီတော့ မြင်းတွေလည်းသူတို့ အလုပ် လှည်း မဆွဲရတော့ လူတွေအပေါ်သူတို့တာဝန်ကျေအောင်ထယ် ရုံးပေးနေကြရတာပေါ့လေ ။

ခေတ် စနစ်ဆိုးရဲ့ ရိုက်ခတ်မှုက လူတွေမဆိုထားနဲ့ တိရစ္ဆာန်တွေတောင် ဘလောင်း ဘလဲ ဖြစ်စေတာကြောင့်၊ လူတွေမှာ လူမှန် နေရာမှန် မဖြစ်သလို တိရစ္ဆာန်တွေ လည်း အလုပ် မမှန်တော့ပါ့လား ။ လူမှန် နေရာမှန်ရောက်ဖို့ ။ တိရစ္ဆာန်တွေလည်း သူတို့အလုပ် သူတို့လုပ်ဖို့။ ပြောင်းလဲတဲ့ ခေတ်ကောင်း စနစ်ကောင်းကို အမြန်ရောက်ပါစေလို့ ဆုတောင်းမိပါ၏ ။

Arimaddana Bhikkhu