ခင်ပွန်းဖြစ်သူ အရက်ကြောင်ပြီး ဓားဖြင့်ခုတ်သဖြင့် ဇနီးဖြစ်သူ သေဆုံး

ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် နေ စက်ချုပ်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်စန်းလှ (၄၀) နှစ်အား ဇူလိုင် ၇ ရက် နံနက် စောစောအချိန်တွင် ခင်ပွန်းဖြစ်သူ ဦးမင်းမင်းဇော်က ဓားဖြင့်ခုတ်သဖြင့် ဇနီးဖြစ်သူ သေဆုံးသွား သည့်အမှု ဖြစ်ပွါးခဲ့သည်။

ဖြစ်ပွါးပုံမှာ ဦးမင်းမင်းဇော်သည် အရက်ကြောင်ပြီး ဇနီးဖြစ်သူ ဒေါ်စန်းလှအား ဓားဖြင့်ခုတ်ရာ ဒေါ်စန်းလှမှာ ယာဘက်မျက်ခုံးဘေး ၄ လက္မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်နားအထက် ၆ လက္မခန့် ပြတ်ရှ ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့သည်။ တားမြစ်ခဲ့သည့် ဦးမင်းမင်းဇော်၏ သမီး ( ၁၁ နှစ် )ကျောင်းသူ မယမင်းအိန္ဒြာ မှာလည်း လည်ပင်းယာဘက်ခြမ်း ၂ လက္မခန့် နှင့် ယာဘက်လက်ကောက်ဝတ်တွင် ၁ လက္မခန့် ပြတ်ရှဒဏ်ရာ ရရှိသည့်အပြင် ကျူးလွန်သူ ဦးမင်းမင်းဇော်သည်လည်း ရင်ညွန့်နှင့် ဝမ်းဗိုက်ပေါ်တွင် ၁ လက္မခန့် ထိုးသွင်းဒဏ် ရာ ၃ ချက် အသီးသီးရရှိကာ ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားခုတ်မှုကျူးလွန်သူ တရားခံ မင်းမင်းဇော်အား ဂန့်ဂေါမြို့ မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဦးကျော်သန်းဆွေ
Source : Myanmaalinn